ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက် ခရိုင်အဆင့်မှာ ဆက်လက်ပယ်ချ

2021.07.05

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို တရားရုံးမှာ စွဲဆိုထားတဲ့ ၅၀၅ (ခ) အမှုအတွက် စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ စာရွက်စာတမ်းသက်သေတွေကို ကန့်ကွက်ထားပေမယ့်လည်း အထူးတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဇူလိုင်လ ၅ ရက် ဒီနေ့မှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့်အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ စာရွက်စာတမ်း သက်သေတွေကို ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က ကန့်ကွက် ထားပေမယ့်လည်း ဇွန်လ ၂၉ ရက်နေ့ အရင်တစ်ပတ်ရုံးချိန်းက နေပြည်တော် အထူးတရားရုံးက ပယ်ချခဲ့ပါတယ်။

"ကျွန်မတို့ဘက်ကတော့ ထပ်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်တက်သွားဖို့ ရှိပါတယ်"

ဒါကြောင့် ဒီကနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေက အဲဒီကန့်ကွက်ထားတာတွေကို ခရိုင်အဆင့် အနေနဲ့ ဒက္ခိဏခရိုင် တရားရုံးကို ပြင်ဆင်ချက်အနေနဲ့ တက်ခဲ့ပေမယ့်လည်း ဒီနေ့မှာပဲ ထပ်မံပယ်ချ ခံလိုက်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"ဒက္ခိဏခရိုင်တရားရုံးတော်ကို သွားပြီးတော့မှ လွန်ခဲ့တဲ့ အပတ်တုန်းက ၇.၂.၂၁ ရက်စွဲပါ အကြောင်း ကြားစာနဲ့ ၁၃.၂.၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တွေကို သက်သေခံအဖြစ် တင်သွင်းတာကို တင်သွင်းခွင့်ပြုကြောင်း ချမှတ်ခဲ့တဲ့ အမိန့်အပေါ်မှာ ကျွန်မတို့က ၂၀၂၁ ခုနှစ် ရာဇဝတ် ပြင်ဆင်မှုအမှတ် ၄၃ နဲ့ ဒက္ခိဏခရိုင် တရားရုံးတော်ကို ရာဇဝတ် ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့ အပေါ်ကို တရားရုံးကနေပြီးတော့မှ အကျဉ်းနည်းနဲ့ ပလပ်လိုက်ပါတယ်။ ကျွန်မတို့ဘက် ကတော့ ထပ်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်တက်သွားဖို့ ရှိပါတယ်ရှင့်”

စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ သက်သေခံ စာရွက် နှစ်စောင်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် အကြောင်းကြား စာနဲ့ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တွေ ဖြစ်ပါတယ်။

အဲဒီစာရွက်စာတမ်းတွေမှာ စာထုတ်သူဟာ ဗဟိုအလုပ်အမှုဆောင်လို့ပဲ ပါပြီး လက်မှတ်ရေးထိုးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်မဟုတ်သလို မည်သူမည်ဝါဆိုတာလည်း မပါတာကြောင့် သက်သေခံအဖြစ် မတင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့တာလို့ ဒေါ်မင်းမင်းစိုးက အရင် တစ်ပတ် ရုံးချိန်းမှာ ပြောဆိုထားပါတယ်။

ပြင်ဆင်ချက်နဲ့ပတ်သက်လို့လည်း ခရိုင်အဆင့် ပြီးသွားတဲ့အတွက် တိုင်းအဆင့်ကို ဆက်တက်မှာဖြစ်ပြီး တိုင်းအဆင့်မှာ ပယ်ချခံရရင်လည်း နောက်ထပ် တက်လို့ရသလောက် အဆင့်ဆင့် ဆက်တက်သွားမယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ကျန်းမာရေးကောင်းမွန်ပြီး ပုံမှန်အတိုင်း အမှုတိုင်းကို ဂရုတစိုက် စိတ်ပါ ဝင်စားစွာ နားထောင်မှတ်သားတယ်လို့ သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"အမေက ကျန်းမာပါတယ်။ ခါတိုင်းလို အနေအထားပါပဲ။ လန်းလန်း ဆန်းဆန်း၊ ကျန်းကျန်းမာမာ ပါပဲ။ ပြီးတော့လည်း အရင်အတိုင်းပဲ အမေက မပြောင်းလဲပါဘူးရှင့်။ မပြောင်းလဲတဲ့ အနေအထား အတိုင်းပဲ။ အမှုတွေကို အခုချိန်ထိ စိတ်ပါလက်ပါနဲ့ တရားစီရင်ရေးပေါ့နော်၊ တရားစီရင်ရေး အနေအထားကို အရမ်း စိတ်ပါဝင်စားစွာနဲ့ အမေက မေးပါတယ်။ ပြီးတော့မှ သူဖြစ်ချင်တာတွေ ပြောပါတယ်ရှင့်။"

ရှေ့နေတွေ တင်သွင်းတဲ့ ပြင်ဆင်ချက်တွေကို ခရိုင်အဆင့်တရားရုံးကနေ ပယ်ချတာဖြစ်ပြီး ဒီကနေ့ အထူး တရားရုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)၊ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ (၈) နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) တို့အတွက် တရားလိုပြ သက်သေတွေကို ဆက်လက် စစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ရဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) နဲ့ စွဲဆိုထားတဲ့ အမှုအတွက်လည်း တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

coup-protest-ygn-feb24.jpg
(ရန်ကုန်မြို့၊ ဂျပန်သံရုံးရှေ့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြစဉ်)

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈)၊ ဆက်သွယ်ရေးပုဒ်မ (၆၇)၊ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) အပါအဝင် စုစုပေါင်းအမှု ခုနစ်ခုနဲ့ စွဲချက်တင်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည် ကို လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး ဥပဒေ ပုဒ်မ (၈)၊ ဆက်သွယ်ရေးပုဒ်မ (၆၇)၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) စတဲ့ ပုဒ်မတွေနဲ့ စွဲထားတဲ့ အမှု ငါးခုအတွက် ရုံးချိန်း တစ်ပတ်မှာ တနင်္လာနဲ့ အင်္ဂါ နှစ်ရက်ခေါ်ယူပြီး လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ကျန်တဲ့ အမှု နှစ်ခုအနေနဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အရေးယူ ခံထားရတဲ့ အမှုကိုတော့ လတ်တလောမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကိုင်တွယ်နေပြီး အဂတိ လိုက်စားမှုနဲ့ အရေးယူထားတဲ့ အမှုကတော့ ယနေ့ထိ တရားရုံးကို ရောက်လာခြင်း မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ကို တရားရုံးကနေ အဲဒီ ပုဒ်မ အားလုံးအတွက် အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးခဲ့မယ် ဆိုရင် ထောင်ဒဏ် အနှစ် ၄၀ ကျော် ကျခံရမှာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကတော့ သဘာဝေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ နှစ်ခုနဲ့ တရားရင်ဆိုင်နေရပြီး နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ တို့နဲ့ အရေးယူခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။