ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး AAPP တောင်းဆို

RFA Burmese
2025.01.28
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး AAPP တောင်းဆို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကို ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
ROMEO GACAD / AFP

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွတ်မြောက်လာပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ကောင်စီကို ဖိအားပေးဖို့အတွက်လည်း AAPP က တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပြန်လည်လွတ်မြောက်ပြီးနောက် ကြုံတွေ့နေရတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအကြောင်း “ရှင်သန်ရေးတိုက်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ အခုလို တောင်းဆိုလိုက်တာပါ။

အခုလို အဖြစ်ဆိုးကနေ လွတ်မြောက်လာပြီးနောက် ဒုက္ခအခက်အခဲတွေကို ရင်ဆိုင်နေရသူတွေအတွက် နိုင်ငံတကာက အကူအညီပေးဖို့ တောင်းဆိုတယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းကျနေစဉ်နဲ့ အကျဉ်းကျပြီးနောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ဝေဒနာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြပါတယ်။ သူတို့ရဲ့ ခံနိုင်စွမ်းအားဟာ သာမန်လူတွေထက် များစွာ သာလွန်ပါတယ်။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖွင့်ပြောပြီး မည်သူကိုမျှ အကူအညီမတောင်းဘဲ ကိုယ့်အားကိုယ်ကိုးပြီးသာ ရုန်းကန်ကြိုးပမ်းရင်း တိတ်တဆိတ် နေ နေကြတယ်။ ဒီအစီရင်ခံစာက သူတို့ရဲ့အသံတွေကို ကမ္ဘာကြီးက ကြားသိသွားအောင် ဖွင့်ချဖော်ထုတ်ပေးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရဲ့ အတိုင်းအဆမဲ့ ကျူးလွန်နေတဲ့ ရက်စက်ကြုမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့နဲ့ ရှင်ကျန်ရစ်သူတွေကို ကူညီပံ့ပိုးပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းတောင်းဆိုပါတယ်”

ဒီအစီအရင်ခံစာကို AAPP နဲ့ အတူ ဒိန်းမတ်နိုင်ငံ အခြေစိုက် DIGNITY အဖွဲ့တို့ ပူးပေါင်းရေးသားခဲ့တာဖြစ်ပြီး အာဏာသိမ်းကာလ တရားလက်လွှတ် ဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ဥပဒေမဲ့ ပြစ်ဒဏ်ပေးခံရတာတွေအပါအဝင် လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း ဆက်လက်ဖိနှိပ်ချုပ်ချယ်ခံရတာ စတဲ့ အချက်အလက်တွေကို ရေးသားထားပါတယ်။

ဒီအစီအရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါ တရားမျှတမှု ရှာဖွေနိုင်ဖို့အတွက်လည်း နိုင်ငံတကာအနေနဲ့ စစ်အာဏာရှင် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် ရာဇဝတ်မှုတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်၊ သက်သေအထောက်အထားတွေကို စုဆောင်းပေးထားဖို့ AAPP က တိုက်တွန်းပါတယ်။

AAPP ရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၆၂၀၈ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ ၂၈,၃၇၀ ဦး ရှိပြီး အဲဒီအထဲက ၂၁,၆၅၁ ဦး မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။