ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်ရောင်းချဖို့ ကြံစည်သူတွေကို အရေးယူမယ်လို့ NUG ကြေညာ
2023.09.29

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမှတ် (၅၄-၅၆) တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် ရွှေ့ပြောင်း၊ ပြင်ဆင်ရောင်းချဖို့ ကြံစည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဥပဒေအရအရေးယူသွားမယ်လို့ ကြေညာလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဒီနေအိမ်နဲ့ခြံကို တစ်စုံတစ်ရာ ဆောင်ရွက်ခွင့်မရှိဘူးလို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“အရင်ကလည်း ကြေညာချက်ထုတ်ခဲ့ပြီးပါပြီ။ တရားဝင်ဆိုတဲ့ဟာ ကျွန်တော်တို့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒါမျိုးကို မလိုက်နာဘဲနဲ့ ချိုးဖောက်တယ်ဆိုရင် ချိုးဖောက်တဲ့သူတွေအားလုံးကို အရေးယူအပြစ်ပေးမယ်ဆိုတာ ထပ်လောင်းသတိပေးတာ ဖြစ်ပါတယ်။ ဥပမာ ရောင်းချတယ် ဝယ်ယူတဲ့သူရှိရင် ဝယ်ယူတဲ့သူက တရားမဝင်ပိုင်ဆိုင်ထားတာ ဖြစ်သွားပြီဆိုတာ သတိပေးပြောကြားခြင်းပေါ့။ ဝယ်ယူတဲ့သူက တရားမဝင်ရယူတာ ဖြစ်သွားတဲ့အတွက်ကြောင့် သူ့အနေနဲ့ တစ်ဦးတည်းသော်လည်းကောင်း အဖွဲ့အစည်းသော်လည်းကောင်း ဒီအဆောက်အအုံ ဒီမြေကြီး သူတို့မှာ ပိုင်ဆိုင်ခွင့်မရှိဘူး။ မတရားရယူထားတဲ့အတွက်ကြောင့် တရားဥပဒေအရ ကျွန်တော်တို့လိုအပ်သလို အရေးယူဆောင်ရွက်မယ်ဆိုတာ ကြိုတင်သတိပေးတာကို ထပ်လောင်းသတိပေးတာ ဖြစ်ပါတယ်”
နှစ်ဧကနီးပါး ကျယ်ဝန်းတဲ့ခြံဝင်းနဲ့ အဲဒီမြေပေါ်မှာရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ အဆောက်အအုံအားလုံးကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG က ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့တာပါ။
အဲဒီလိုယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာကြောင့် အဲဒီမြေနဲ့ အဆောက်အအုံ နေရာကို ဘယ်သူကမှ ပိုင်ဆိုင်တာ၊ ပိုင်ဆိုင်ဖို့ကြိုးစားတာ၊ ရောင်းချတာ၊ ရောင်းချဖို့ ကြိုးစားတာ၊ ဖျက်ဆီးတာ၊ ဖျက်ဆီးဖို့ ကြိုးစားတာ၊ ပုံစံပြောင်းတာ၊ ပြင်ဆင်တာနဲ့ အခြားနည်း အသုံးချတာတွေကို တားမြစ်ထားတာဖြစ်ပါတယ်။
အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ဖို့ ကြိုးပမ်းနေတဲ့အတွက် ယဉ်ကျေးမှုနဲ့ သဘာဝအမွေအနှစ်ဆိုင်ရာနိုင်ငံတကာကွန်ဗင်းရှင်း၊ အမွေအနှစ်ဆိုင်ရာ တည်ဆဲဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စတာတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ NUG က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထပ်မံသတိပေးလိုက်တာဖြစ်ပါတယ်။
အဲဒီနေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဥပဒေဆိုင်ရာအဖွဲ့အစည်း၊ အမွေအနှစ်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီနေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှု အငြင်းပွားနေပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၂ ရက်နေ့က ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထွက်ပြီးနောက်မှာ NUG က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ၁၅ နှစ်နီးပါးကာလတစ်လျှောက် အဲဒီနေအိမ်မှာပဲ နေထိုင်ခဲ့ရတာဖြစ်ပြီး နိုင်ငံတကာက အထင်ကရခေါင်းဆောင်တွေ လာရောက်ခဲ့ဖူးတဲ့နေရာလည်း ဖြစ်ပါတယ်။