Mr. Donald Trump အား ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့
2016.11.10
အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ Donald Trump ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
မနေ့က နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဝဏ်လွှာမှာ ပါဝင်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောပါတယ်။
''၄၅ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောတယ်ပေါ့၊ အမေရိကန်ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ဒီလိုတင်မြှောက်ခဲ့တဲ့ သူ့ရဲ့လက် ထက်မှာ တိုးတက်မှုတွေ၊ ငြိမ်းချမ်းမှုတွေ၊ သာယာဝပြောမှုတွေဖြစ်လာမယ်၊ နောက်အမေရိကန် အပြင်ပေါ့နော် အမေရိကန်ပြည်ထောင်စု သူ့လက်အောက်မှာ အောင်မြင်စေကြောင်းပေါ့နော်၊ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိ ကန်ပြည်ထောင်စုအကြား အပြန်အလှန် အကျိုးစီးပွားနဲ့ အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ဖွံ့ဖြိုးလာ စေ မယ်ပေါ့၊ ဒေါ်နယ်ထရန့်ရဲ့ လက်ထက်မှာ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ နှစ်နိုင်ငံဆက် လက်တည်ရှိနေတဲ့ ချစ်ကြည်ရင်းနှီးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မိတ်ဖက်ဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာ လာအောင် မြှင့်တင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်''
အမေရိကန်သမ္မတသစ်ဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ဟာ ရီပက်ပလင်ကန်ပါတီကနေ သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေဒီ ပြုပြင်ပြောင်းလဲရေးအတွက်ကိုလည်း ရီပတ်ပလင်ကန်ပါတီက ခေါင်းဆောင်တွေဟာ အရင်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တဲ့အတွက် သမ္မတသစ် ဒေါ်နယ်ထရန့်ရဲ့လက်ထက်မှာ အမေ ရိကန် - မြန်မာ ဆက်ဆံရေးဟာလည်း ထူးထူးခြားခြား ပြောင်းလဲသွားဖို့ မရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။