လူငယ်တွေ အင်တာနက်ဂိမ်းတွေမှာ အချိန်ဖြုန်းနေကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော
2016.01.17

ဒီကနေ့ မြန်မာလူငယ်တွေဟာ ကွန်ပျူတာ ဂိမ်းတွေနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ အချိန်တွေ ဖြုန်းတီးနေ ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ နိုဘယ် မြန်မာ စာပေပွဲတော်ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖေါ်ပြ ထားတာပါ။
အခုခေတ်မှာ နည်းပညာတိုးတက်မှုတွေနဲ့အတူ ကျွန်မတို့ရဲ့ လူမှုဘဝပုံစံတွေလည်း ပြောင်းလဲနေပါတယ်၊ အခုအခါ ကျွန်မတို့ရဲ့ကလေးတွေဟာ ကွန်ပျူတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ အချိန်တွေကို အများကြီး ဖြုန်းတီးပစ်နေကြတယ်၊ ကလေးတွေ စာဖတ်နည်းလာကြတာဟာ နည်းပညာဘက်မှာ အသုံးပိုများလာကြလို့ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာမှာ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းတွေကိုလည်း ဝေဖန် ပြောဆို ထားပါတယ်။ ပညာရေးအတွက် သုံးစွဲတဲ့ ဘတ်ဂျက် ငွေ ပမာဏ နည်းပါးနေတာ၊ ပိုင်းခြား စိစစ် သုံးသပ် ဝေဖန်တဲ့ အလေ့အကျင့်ထက်၊ အာဂုံဆောင် အလွတ်ကျက်မှတ်တာကိုသာ အားပေးနေတဲ့ အခြေအနေကို လည်း ထောက်ပြပြောဆိုထားပါတယ်။
ကျွန်မတို့ စာသင်ကျောင်းတွေမှာ စာကြည့်တိုက်တွေ အင်မတန်ကို နည်းပါးနေပါတယ်၊ စာသင်ခန်းထဲမှာလည်း စာအုပ်တွေဖတ်ဖို့ အချိန်မရှိပဲဖြစ်နေတယ်၊ ပညာရေးစနစ်ကလည်း ဘယ်မေးခွန်းကိုမဆို အလွတ်ကျက်ပြီးဖြေတဲ့ စနစ်ဖြစ်နေပြီး၊ ပိုင်းခြားဝေဖန်တာ၊ စဉ်းစားတွေးခေါ်တာ၊ ဖတ်ရှုလေ့လာတာတွေကို အားမပေးပဲ ကန့်သတ်ထား သလို ဖြစ်နေပါတယ်လို့လည်း ရေးသားထားသည်။