သမ္မတရွေးရာမှာ ဂရုစိုက် ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား


2016-03-14
Share
dassk-parliament-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို မတ်လ ၁၁ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo:NLD Chairperson Office

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန် ကျင်းပမယ့် သမ္မတ ရွေးချယ်တဲ့ခါ မဲပေး မမှားကြဖို့နဲ့ ပယ်မဲမဖြစ်အောင် ဂရုစိုက်ကြဖို့ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကို မှာကြားလိုက်ပါတယ်။

ဒီကနေ့ ညနေ ငါးနာရီမှာ ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော် စည်ပင်ရိပ်သာက အစည်းအဝေး ခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ ဖြစ်ပါတယ်။

မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့တို့က ရွေးချယ်ထားတဲ့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ ၃ ဦးထဲက ၁ ဦးကို သမ္မတ၊ ကျန် ၂ ဦးကို ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်ကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၉ဝ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၄၂ ဦး၊ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ၁၆၆ ဦး၊ ရခိုင်အမျိုးသားပါတီက ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၁၅ ဦးအပါအဝင် ကိုယ်စားလှယ် ၆၆၄ ဦးဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာကျင်းပမယ့် နိုင်ငံတော်သမ္မတ ရွေးချယ်မယ့် အစည်းအဝေးကို လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ နိုင်ငံတကာသံတမန်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားကြောင်း လွှတ်တော်ရုံးအဖွဲ့က ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ သံတမန်အဖွဲ့တွေလည်း တက်ရောက်ရာမှာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောပါတယ်။

"ပြီးခဲ့တဲ့အပတ်ကတော့ ကျနော်တို့လုပ်သွားတာကတော့ ကျနော်တို့က ပိုတဲ့ဟာတွေ မဆန့်တဲ့ဟာတွေက တခြားအခန်းမှာ LED နဲ့ Live Show ပြပေးလိုက်တယ်၊ သူတို့လည်း အဲ့အစီအစဉ်ကိုတော့သိတယ်၊ ဖိတ်ကြားမှု အနေနဲ့ကတော့ ကျနော်စုံစမ်းကြည့်တာကတော့ အဲ့လိုမရှိဘူးခင်ဗျ၊ ဒါပေမဲ့ လွှတ်တော်ဥက္ကဌကတော့ ပါတီတွေ ကိုဖိတ်တယ်၊ တက်ရောက်လိုတဲ့ပါတီ တက်နိုင်ပါတယ်ပေါ့၊ လာတာ မလာတာကတော့ ပါတီတွေရဲ့ကိစ္စပေါ့လေ ၊ နောက်တခါ လာချင်တယ်ဆိုတဲ့ request တွေ ပြည်တွင်း ပြည်ပ နိုင်ငံခြားသားတွေရောဘာညာ လက်ခံ စိစစ်ဆောင်ရွက်နေတယ်၊ ထိုင်ခုံကတော့ ၄ဝဝ ကျော်ပါ"

ပြည်ထောင်စုလွှတ်တော်မှာ ဧည့်သည်တော်နေရာအတွက် ထိုင်ခုံအရေအတွက် ၄၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ပြည်သူ့ လွှတ်တော်မှာပြုလုပ်ခဲ့တဲ့ ဒုတိယသမ္မတလောင်းရွေးချယ်ပွဲမှာ တက်ရောက်ခဲ့တဲ့ ဧည့်သည်တော်တွေ များပြား တဲ့အတွက် တခြားခန်းမထဲမှာ LED နဲ့ ပြသပြီး စီစဉ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့