မိန့်ခွန်းပြောချိန် ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

သီဟထွန်း
2020.01.28

နေပြည်တော် MICC2 မှာ ဒီနေ့ စတင်ကျင်းပတဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား နေချိန်မှာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းပညာရေး တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား ၁၀ ဦးခန့် ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြသူတွေက သုတေသနမရှိတဲ့ ပညာရေးအလိုမရှိ၊ မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဟာ နိုင်ငံ့စီးပွား တိုးတက်နိုင်ပါသလား၊ မန္တလေးတက္ကသိုလ် သပိတ်မှောက်ကျောင်းသားတွေကိစ္စ ဖြေရှင်းပေး၊ အမှန်တရား တစ်ခုအတွက် အချိန်မဆွဲပါနဲ့ဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုအခမ်းအနားမျိုးမှာ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးအတွက် အသုံးချတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း ဆန္ဒပြမှုကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပညာရေး ပြုပြင်ပြောင်းလဲမှုဟာ အလွန်ခက်ခဲကြောင်း၊ နိုင်ငံတကာကို လိုက်မှီဖို့ ခေါက်ရိုးကျိုးနေတဲ့စနစ်ကို ပြောင်းတဲ့အခါ အခက်အခဲတွေရှိကြောင်း ကျောင်းသူ ကျောင်းသားတွေကို ပြောခဲ့ပါတယ်။

ပညာရေးတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်အနည်းငယ် တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် မရခဲ့ပါဘူး။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးကိုလေးဝင်းက ဒီနေ့ဆန္ဒပြတာဟာ ဆိုးရွားတဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်းပြောပေမယ့် ဆန္ဒပြကျောင်းသားတွေကို လက်ရှိအချိန်ထိ အရေးယူဖို့ အစီအစဉ်အရှိသေးကြောင်းနဲ့ ပိုမိုးဆိုးရွားဆောင်ရွက်ချက်တွေ လုပ်လာရင် ဥပဒေနဲ့ အရေးယူမှုတွေရှိနိုင်ကြောင်း RFA ကို ဒီနေ့ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၊ လေးတန်းနဲ့ ရှစ်တန်းစာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ သုံးရက်နေ့အထိ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ဆေးမယ်လို့ ပါရှိပါတယ်။ ကျန်တဲ့အတန်းတွေကိုတော့ ကျောင်းတွင်း စာမေးပွဲအနေနဲ့ မတ် ၂၃ ရက်နေ့ကနေ မတ် ၃၀ ရက်နေ့အထိ စစ်သွားမယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းတွေမှာ မတ်လကုန်အထိ ပညာသင်ချိန် တိုးမြှင့်ခဲ့တာကို မကျေနပ်တဲ့ ပညာရေး ဝန်ထမ်းတွေက မြို့နယ် အတော်တော်များများမှာ ကန့်ကွက် ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းတာက အချက် နှစ်ခုကို တင်ပြချင်လို့ဖြစ်ကြောင်း ပြောပါတယ်။

ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ပညာသင်ကာလ တိုးမြှင့်သတ်မှတ်ချက်ဟာ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲတွေကိုသာ ရင်ဆိုင်ရနိုင်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာအရည်အချင်းကို ထူးထူးခြားခြား တိုးမြင့်လာစေမှာ မဟုတ်ကြောင်း ကြေညာချက်ထုတ်ထားပါတယ်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မတ်လကုန်အထိ စာသင်ချိန် သတ်မှတ်ချက်ကို ပြင်ဆင်ဖို့ မရှိဘူးလို့ ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်က မူလတန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်ဇာဇာအောင်က စာသင်ချိန်ကာလ အပြောင်းအလဲကို သဘောမကျဘူးလို့ သူ့ဒေသအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။

ဒါပေမဲ့ အစိုးရဝန်ထမ်း တစ်ဦးဖြစ်တဲ့အတွက် ထုတ်ပြန်ချက် စည်းကမ်းတွေကိုတော့ လိုက်နာမှာ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။

ကျောင်းဖွင့်ရက် တိုးမြှင့်ခဲ့တာကို မကြိုက်တဲ့ သူတွေရှိသလို ဖြစ်သင့်တယ်လို့ ပြောဆိုတဲ့ ဆရာ၊ ဆရာမ တွေလည်းရှိပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်က အထက်တန်းပြ ဆရာမ ဒေါ်သီသီအောင်က စာသင်ချိန်ကာလ အပြောင်းအလဲကို ကောင်းမွန်တယ်လို့ ယူဆပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားရုံးကန်နေရတဲ့ အချိန်ဖြစ်တာကြောင့် ပညာရေး အသုံးစရိတ်ကို မျှော်မှန်းသလောက် မသုံးနိုင်သေးပေမယ့် ပညာရေး အသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့် သုံးစွဲနေတယ်လို့ ဒီနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။