ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု ထွန်းကားဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း


2013.04.15
dassk-japan-305 ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ဧပြီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ သား မိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်
photo: Demo Wai Yan

ဒီမိုကရေစီစနစ်ဆိုတာ မတူတဲ့ သဘောထားအမြင်တွေ ကို လေးစားလက်ခံတဲ့စနစ် ဖြစ်တာကြောင့် လူ့အသိုင်းအဝိုင်းက မတူကွဲပြားတဲ့အမြင်တွေကို လက်ခံနိုင်ပြီး ညှိနှိုင်းဆွေးနွေးတဲ့ယဉ်ကျေးမှု ထွန်းကားလာအောင် မြန်မာနိုင်ငံသားတိုင်း ကြိုးစားကြဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာပြောလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ မြန်မာနိုင်ငံသား မိသားစုတွေ နဲ့ တွေ့ဆုံဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့တာပါ။

"မတူတဲ့အမြင်တွေညှိယူနိုင်မှ ကျမတို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်လို့ပြောနိုင်တယ်၊ လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တွေးခေါ်ပုံ မတူကြဘူး၊ ဒီလိုမတူတဲ့ကိစ္စတွေကို ညှိနိုင်တယ်၊ ညှိနှိုင်းပြီးတော့ ပြေပြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အရ ကျမတို့ဟာ နိုင်ငံရေးစနစ်ပေါင်း မြောက်များစွာထဲမှာ ဒီစနစ်ကိုရွေးတာပါ၊ ဒါကြောင့် ဒီစနစ်ဟာ ခြောက်ပြစ်ကင်းသဲလဲစင်လားဆိုတော့လည်း မဟုတ်ပါဘူး၊ သူလဲ သူ့ရဲ့အားနည်းချက်တွေရှိပါတယ်"

ဒါ့အပြင် မြန်မာ့လူ့အဖွဲ့အစည်းမှာ ညှိနှိုင်းဆွေးနွေးတဲ့ ယဉ်ကျေးမှု၊ အပေးအယူလုပ်ပြီး အဖြေရှာတဲ့ယဉ်ကျေးမှု အားနည်းနေတာကို တွေ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေဖြေရှင်းရမှာကို ကြောက်ရွံ့နေစရာမလိုကြောင်း၊ ဖြေရှင်းပုံဖြေရှင်းနည်း မှန်ကန်ဖို့သာ အရေးကြီးကြောင်း၊ ပြဿနာတွေကို ကိုင်တွယ်ရာမှာ ဖြေရှင်းပုံမမှန်ကန်ရင် ရှုံးနိမ့်သူက သိက္ခာရှိရှိနဲ့ရံှုးခဲ့ရင် နိုင်သလိုတောင် ဖြစ်သွားနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုတက္ကသိုလ်မှာ ကျောင်းသူဘဝက နေထိုင်ခဲ့တဲ့အဆောင်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီအဆောင်မှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့အခန်းကို ကျိုတိုတက္ကသိုလ်အုပ်ချုပ်ရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ပေးပြီး ဂုဏ်ပြုမှည့်ခေါ်ထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်တချို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေ တွေ့ဆုံပွဲကို တက်ရောက်နားထောင်ခဲ့တဲ့ မနော်ရင်းကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်း စုကြည်ကို စာတစ်စောင်ပေးခဲ့ပါတယ်။ အဲဒီစာပါ အကြောင်းတွေနဲ့ ဂျပန်သတင်းစာတွေရဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အကြောင်း ရေးသားချက်တချို့ကို RFA ဝိုင်းတော်သား ဦးဘအောင် ကောက်နှုတ်တင်ပြထားတာလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။