ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကို မပေါ့ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေရိန်ကျော် (ဝါရှင်တန် ဒီစီ)
2021.06.28

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်နှုန်းပြန်များလာတာနဲ့ ပတ်သက်လို့ ပြည်သူအားလုံးအတွက် အရမ်း စိတ်ပူနေပြီး၊ ကိုဗစ်ကာကွယ်ရေးအတွက် သတ်မှတ်ချက်တွေကို အသေအချာလိုက်နာဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးချိန်း ထွက်ခွင့်ရတဲ့အချိန်မှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ဒီနေ့မှာလည်း သတ်မှတ် ထားတဲ့အတိုင်း နေပြည်တော်က အထူးတရားရုံးမှာ တတိယ ရုံးချိန်းအဖြစ် ဆက်ပြီး စစ်ဆေးခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အခြေအနေနဲ့ပတ်သက်လို့ ရှေ့နေတွေနဲ့ တွေ့ရတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး ပြည်သူတွေ ဂရုစိုက်ကြဖို့ မှာတယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

minminsoe-lawyer.jpg

"ထပ်ပြီးတော့မှတော့ အမေက ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ အကုန်လုံးကို ဂရုတစိုက်နေကြဖို့ အဲဒါတော့မှာပါတယ်ရှင့်။ ပြည်သူတွေအတွက်ကိုလေ သူ တအားစိတ်ပူနေပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာ မှာ ကိုဗစ် ဘယ်လိုဖြစ်နေပီလဲဆိုတဲ့ အနေအထားရယ်၊ အခုနေပြည်တော်ရဲ့ ကိုဗစ်အခြေအနေကိုရော၊ သူသိချင်လို့မေးတာ ရှိပါတယ်ရှင့်၊ ခါတိုင်း သူပြောသလို Mask တပ်ပါ၊ လက်ဆေးပါဆိုတဲ့ အတိုင်းအတာတွေကတော့ ပြောပါတယ်၊ အကုန်လုံးကိုပြောပါတယ်၊ ကျွန်မတို့ရှေ့နေ တွေကိုလည်း အရမ်းကြီး ဂရုစိုက်ကြဖို့ အခုကာလမှာ ပိုပြီး ဂရုစိုက်ကြဖို့ပြောပါတယ်ရှင့်။"

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် တရားလိုပြသက်သေ ဇဗ္ဗူသီရိမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူး ဦးအောင်ဇော်မင်းနဲ့ ဇေယျသိဒ္ဒိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်၊ ဆက်သွယ်ရေး ပုဒ်မ (၆၇) အတွက် တရားလိုပြ သက်သေ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့က ဒုရဲမှူး မိုးအောင်၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈) အတွက် တရားလိုပြသက်သေဖြစ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဗိုလ်ကြီး မင်းထက်အောင်နဲ့ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ ဒုရဲမှူး မိုးအောင်ကို စစ်ဆေးခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

"အမေက ကျန်းကျန်းမာမာနဲ့ လန်းလန်းဆန်းဆန်း ပါပဲ၊ ခါတိုင်းလိုပဲ Smart ဖြစ်နေတယ်၊ သွက်သွက်လက်လက် ဖြစ်နေတယ်"

ဒေါ်အောင်ဆန်းစုကြည် ကတော့ ပုံမှန်အတိုင်း ခဲတံ၊ ခဲဖျက်နဲ့ အမှုတွဲဖိုင်တွေ ကိုင်လာပြီး စာရွက်ပေါ်မှာ သေချာမှတ်သားသလို၊ မှားနေတာကို ပြန်လည် ထောက်ပြတယ်လို့ ဒေါ်မင်းမင်းစိုး ကပြောပါတယ်။

"အမေက ကျန်းကျန်းမာမာနဲ့ လန်းလန်းဆန်းဆန်း ပါပဲ၊ ခါတိုင်းလိုပဲ စမတ် (Smart) ဖြစ်နေတယ်၊ သွက်သွက်လက်လက် ဖြစ်နေတယ်၊ တရားခွင်ထဲမှာလည်း အမေက အသေးစိတ်ပေါ့နော် အကုန်လုံး ကိုပေါ့။ အမြဲတမ်းအမှုတွဲလေးကို ကိုင်လာပြီးတော့မှ ခဲတံတစ်ချောင်းရယ်၊ စာရွက်တစ်ရွက်ရယ်၊ ခဲဖျက်လေးရယ် သူကအမြဲရေးနေပါတယ်၊ ပြီးတော့မှ ဘယ်အမှုလေးကတော့ ဘယ်လို ဖြစ်နေတယ်ဆိုပြီး​တော့ အမြဲတမ်း ပြန်ပြီးပြောပါတယ်၊ အမြဲတမ်း လိုက်မှတ်နေပါတယ် အမှုနဲ့ပတ်သက်ပြီးတော့မှ၊ မှတ်လိုက် တယ် အမှုတွဲ လှန်ကြည့်တယ် လွဲနေတယ်ဆိုလို့ရှိရင် သူထွက်နေတာနဲ့ ဒါနဲ့က ဘယ်လို ဖြစ်နေတယ်ဆိုတာ ကျွန်မတို့ကိုပြောပါတယ်ရှင့်၊ ဒါက အမြဲတမ်း ရုံးချိန်းတိုင်းမှာ အမေက လုပ်နေကျ ပါရှင့်။"

သမ္မတ ဦးဝင်းမြင့် ကို စွဲဆိုထားတဲ့အမှုတွေထဲကလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် တရားလိုပြသက်သေ ဇဗ္ဗူသီရိမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးအောင်ဇော်မင်း ကိုပဲ စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုရော၊ သမ္မတ ဦးဝင်းမြင့် ကိုပါ စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် တရားလိုအပါအဝင် တရားလိုပြ သက်သေ ကိုးယောက်စီ ရှိတဲ့အထဲမှာ တရားလိုအပါအဝင် လေးယောက်စီကို စစ်ဆေးပြီးပြီလို့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှုထဲက ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈) အတွက် တရားလို အပါအဝင် တရားလိုပြသက်သေ ဆယ်ယောက်ရှိတဲ့အထဲမှာ လေးယောက်ကို စစ်ဆေးပြီးသလို ဆက်သွယ်ရေး ပုဒ်မ (၆၇) အတွက် တင်သွင်းတဲ့ ဆယ်ယောက်မှာလည်း သုံးယောက်ကို စစ်ဆေးပြီးပြီလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

မနက်ဖြန် ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် တို့အပေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံသက်သေကို တင်သင့်၊ မတင်သင့်ကို ကြားဖြတ်အမိန့် ချမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်းအမှု ခုနစ်ခုနဲ့ စွဲချက်တင်ထားပြီး၊ အမှုအားလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့ရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် ၃၉ နှစ်ပါ ပေါင်းပြီး ချမှတ်ခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။