တရုတ်နိုင်ငံ ၅ ရက် ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် စတင်ထွက်ခွါ

တရုတ်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နေ့လည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည် ကူမင်းမြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကူမင်းမြို့ကနေ ပေကျင်းမြို့တော်ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး သူနဲ့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တို့လည်း လိုက်ပါသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ငါး ရက်ကြာ ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင်းပင်၊ ဝန်ကြီးချုပ် လီကာရှန်အပါအဝင် တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းခန်နဲ့ အစိုးရအဖွဲ့ဝင်တွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မတိုင်ခင် တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးအရာရှိ Mr. Song Tao ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ယခင်အစိုးရခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့နဲ့ လာရောက်တွေ့ဆုံထားပါတယ်။