ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင်

2021.06.28
ဒေါ်အောင်ဆန်းစုကြည်အမှု ခန့်မှန်းတာထက် ပိုကြာနိုင် ၂ဝ၂၁ ဧပြီလ ၁ ရက်နေ့က မုံရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒကြနေကြသည့် ဒေသခံပြည်သူများ။
File Photo/ AFP

အဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ မျက်မြင်သက်သေ နှစ်ဒါဇင် နီးပါးကို ခေါ်ယူဖို့ရှိနေတာကြောင့် အမှုစစ်ဆေးမှုဟာ စီစဉ်ထားတာထက် အချိန်ပိုကြာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က တနင်္လာနေ့က ပြောတဲ့အကြာင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ အမှုစစ်ဆေးမှုတွေ အဆုံးသတ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေရေးရာ ဆောင်ရွက်နေကြတဲ့အဖွဲ့က ခန့်မှန်းထားပေမယ့် မျက်မြင်သက်သေ ၂၃ယောက်ကို ခေါ်ယူ စစ်ဆေးဖို့ ရှိနေသေးတာကြောင့် ဇူလိုင်လကုန်ပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

မနေ့တုန်းက နေပြည်တော်က သီးသန့်တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးချိန်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) ၊ ဆက်သွယ်ရေး ပုဒ်မ (၆၇) ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) တို့အတွက် တရားလိုပြသက်သေတွေကို မနေ့က စစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနောက်တဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။ ဒီနေ့လည်းနောက်တကြိမ် ရုံးချိန်းရှိပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံသက်သေကို တင်သင့်၊ မတင်သင့်ကို ကြားဖြတ်အမိန့် ဒီနေ့ချမှတ်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ခုနစ်ခုနဲ့ စွဲချက်တင်ခံထားရပြီး အမှုအားလုံးကို အမြင့်ဆုံး ပြစ်ဒဏ်ပေးခဲ့ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ထွန်းထွန်း
2021-06-29 02:24

မရှိတဲ့ မျက်မြင်သက်သေတွေ ‌ရှာမရလို့ အချိန်ပိုကြာမှာနေမှာပေါ့ဗျာ..အဖြူထည်အမေကို ဗျာ ...တစ်သက်မကြေဘူးဗျာ