ထားဝယ်မြို့သစ် စီမံကိန်းနေရာက လယ်ယာမြေ ပြဿနာတွေ ဖြေရှင်းပေးဖို့အတွက် ရက် ၂၀ အတွင်း အစိုးရ၊ အရပ်ဘက်အဖွဲ့၊ လယ်သမား၊ ပါတီနဲ့ တတ်သိပညာရှင်တွေပါဝင်တဲ့ ၅ ပွင့်ဆိုင်တွေ့ဆုံပွဲကို အမြန်ဆုံးလုပ်ပေးဖို့ ထားဝယ်ခရိုင်လယ်သမားတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ထားဝယ်မြို့ ဆန်းချီရပ်ရှိ ထားဝယ်ရှေ့နေကွန်ရက်ရုံးခန်းမှာ ဒီကနေ့ပြုလုပ်တဲ့ လယ်တောထဲကအသံ ဘယ်သူ နားထောင်မလဲ ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ လယ်ယာ ပြဿနာတွေဖြေရှင်းဖို့ ၅ ပွင့်ဆိုင် တွေဆုံပွဲလုပ် ဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ တနင်္သာရီတိုင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်ရီရီထွေး ကပြောပါတယ်။
"ငါးပွင့်ဆိုင်က နံပါတ်တစ်၊ ဥပမာ အစိုးရတာဝန်ရှိသူတွေ၊ လယ်သမားကိုယ်စားလှယ်တွေက အလုပ်သမား ကနေ ရွေးချယ်လိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေပေါ့နော်၊ လယ်သမားကိုယ်စား လှယ်တွေနဲ့ အရပ်ဘက်ရယ်၊ တက်သိပညာရှင်တွေနဲ့ တာဝန်ရှိဆောင်ရွက်တဲ့ အရပ်ဘက်အဖွဲ့အစည်းပေါ့၊ အဓိက လက်ရှိအာဏာရတဲ့ပါတီပေါ့၊ အဲဒီငါးပွင့်ဆိုင်ကို အခု ရက် ၂ဝ အတွင်းမှာ ငါးပွင့်ဆိုင်တွေ့ဆုံ ဖို့ တောင်းဆိုတယ်၊ ဒီပြဿနာဖြစ်နေတယ် အဲဒီအတွက်ကြောင့် အစိုးရက ဖြေရှင်းပေးရဖို့ တာဝန်ရှိတယ်၊ အဲအတွက်ကြောင့် ဒါကိုဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုတာပါ"
ပြီးခဲ့တဲ့မေလက ပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ လယ်ယာမြေပြဿနာတွေကို ၄၅ ရက်အတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုထိ ဘာမှဆောင်ရွက်ပေးတာမရှိသလို ထားဝယ်မြို့သစ် စီမံကိန်းနေရာမှာ မြေဖို့တာတွေ ထပ်ပြီး ပြုလုပ်နေတာကြောင့် အခုလိုတောင်းဆိုတာလို့ ဒေါ်ရီရီထွေး ကပြောပါတယ်။
ထားဝယ်မြို့သစ် စီမံကိန်းနေရာမှာ လက်ရှိအဆောက်အဦး မဆောက်ရသေးတဲ့မြေတွေကို လယ်သမားတွေကို တရားဝင်ပြန်ပေးဖို့၊ ဆောက်လုပ်ပြီးသားမြေတွေကို လျော်ကြေး၊ နစ်နာကြေးပေးဖို့နဲ့ ဒီအချက်နှစ်ချက်မလုပ်ခင်မှာ လုပ်ငန်းလုပ်တာတွေ ရပ်ထားဖို့အချက် ၃ချက်ကို လယ်သမားတွေက တောင်းဆိုထားပါတယ်။
စီမံကိန်းနေရာဖြစ်တဲ့ ထားဝယ်မြို့ ကမြောကင်းလမ်းက လယ်ကွက်တွေပေါ်မှာ အစိုးရဌာနတွေနဲ့ ကုမ္ပဏီက မြေဖ့ို တာကြောင့် လယ်သမားတွေနဲ့ မကြာခဏ ပြဿနာတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တပ်မတော် အစိုးရလက်ထက် ၁၉၉၀ ခုနှစ်လောက်က ထားဝယ်မြို့သစ်စီမံကိန်း အကောင်ထည်ဖော်ဖို့ ဆိုပြီး မြေဧက ၁ ထောင်ကျော်ကို သိမ်းခဲ့ပြီး ဧက ၇၀၀ နီးပါးကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
