တနင်္သာရီတိုင်း ထားဝယ်မြို့က ဟိုင်းရိုင် ငါးအအေးခန်းစက်ရုံမှာ တနင်္လာနေ့ညက အလုပ်ရှင်နဲ့အလုပ်သမား ပဋိပက္ခဖြစ်ပွားရာကနေ ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှု ကြောင့် အလုပ်သမားတစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသနေရပါတယ်။
အဲဒီစက်ရုံမှာ အလုပ်ချိန်အတွင်း အရက်သောက်ခွင့်မပြုဘူးလို့ စည်းကမ်းထုတ် ထားပေမယ့် အလုပ်ပြီးချိန်ညဖက်မှာ အရက်သောက်နေတဲ့ အလုပ်သမားတစ်ယောက် ကို တရုတ်နိုင်ငံသား ပိုင်ရှင်ဖြစ်သူက တနင်္လာနေ့ညမှာ အလုပ်ထုတ်ရာကနေ အခြား အလုပ်သမားတစ်ယောက်ဖြစ်သူ ကိုသက်နောင်နဲ့ ပိုင်ရှင်တို့ အချင်းများခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပိုင်ရှင်က တိုင်ကြားမှုကြောင့် ညနက်ပိုင်းမှာ ပြဿနာဖြေရှင်းဖို့ ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အလုပ်သမား ကိုသက်နောင်ကို အင်အား အလွန်အကျွံ သုံးစွဲပြီး ရိုက်နှက်ဖမ်းဆီးရာကနေ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သူနဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကိုရဲလင်း က ပြောပါတယ်။
"စခန်းမှူးလာတဲ့ အချိန်မှာ ကားထဲမှာရဲဘော်တွေက သေနတ်တွေပါလာတယ်၊ ပစ်မယ်၊ ဘာညာနဲ့ဆိုတော့ ကျနော်တို့လည်း ကြောက်လန့်သွားတာပေါ့၊ အခုဆေးရုံရောက်နေတဲ့ အကိုကထသွားတယ်၊ ထသွားတော့ သူတို့ကဝိုင်းပြီးတော့ လုံးတယ်၊ လုံးတဲ့အခါကျတော့ သူလုံး၊ ကိုယ်လုံးနဲ့ဆိုတော့ ဟိုအကိုကလည်း ကြောက်တာပေါ့၊ သူ့ကိုလက်ထိပ်တွေ၊ ဘာတွေခတ်တယ်၊ သူ့မှာအပြစ်မရှိဘဲနဲ့ ပြေးတဲ့သူကို သူတို့ကိုခုခံတယ်ဆိုပြီးတော့ ဝိုင်းဝန်းထိုးကြိတ်ပြီး နံပါတ်တုတ်တွေနဲ့ရိုက် ပထမဦးဆုံးတစ်ယောက်က နံပါတ်တုတ်နဲ့ရိုက်လိုက်တယ်၊ ထိုးတဲ့သူကလည်းထိုးတယ်၊ နံပါတ်တုတ်ရှိတဲ့သူကလည်း တုတ်နဲ့ရိုက်ပေါ့၊ နားမှာထိသွားတယ်၊ အဲ့မှာသူမူးသွားတဲ့ အချိန်မှာ နောက်တစ်ယောက်ကရိုက်လိုက်တဲ့ အရှိန်ကတော်တော်ပြင်းတယ်၊ အောက်မှာ သစ်တုံးကြီးရှိတယ်၊ အဲ့တုံးနဲ့ ခေါင်းနဲ့ပြေးဆောင့်မိတာပါ"
အခုလို ရိုက်နှက်ပြီးနောက် ရဲတပ်ဖွဲ့က ဒဏ်ရာရသူ ကိုသက်နောင်ကို ထားဝယ်ဆေးရုံပို့ဆောင်ခဲ့ရာမှာ ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့် သတိလည်မလာတဲ့အတွက် ထားဝယ်ကနေ အင်္ဂါနေ့ ညနေ ၅ နာရီလောက်မှာ ရန်ကုန်ကို စင်းလုံးငှားလေယာဉ်နဲ့ ထပ်မံပို့ဆောင်ခဲ့ပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဘဝတူအလုပ်သမားတွေနဲ့ မိသားစုဝင်တွေက ဒီပြဿနာကို ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရေးအတွက် အကူအညီတွေ ရှာဖွေနေတယ်လို့လည်း သိရှိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ အလုပ်သမား ကိုရဲလင်းနဲ့ RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။