ထားဝယ်တက္ကသိုလ်ကျောင်းသားနှစ်ဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ ချမှတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ်က စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသား တွေဖြစ်တဲ့ ကိုအောင်ဝေယံထွန်းနဲ့ ကိုမျိုးမင်းဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်၅၀ (ည) နဲ့ မတ်လ ၂၈ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစု နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့နှစ်ဦးကို ဖမ်းဆီးခံရပြီး ငါးလနီးပါးအကြာမှာ ထားဝယ်ခရိုင် တရားရုံးကနေ အမိန့် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချ ခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ကိုမျိုးမင်းဦး မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"စစွဲခံရကတည်းက နှစ်ယောက်စလုံးက ၅၀ (ည) တစ်ခုတည်း စွဲခံရတာပါ။ ရုံးချိန်း ခေါ်တာ အကြိမ် ၂၀ ကျော်လောက်မှာပဲ အမိန့်ချလိုက်တာပေါ့။ နှစ်ယောက်စလုံးက တိမ်းရှောင်နေတဲ့ နေအိမ်တွေကနေ ဒလန်သတင်း အတိအကျပေးလို့ ဖမ်းသွားတာ။ ကျန်းမာရေးကတော့ အကုန်ကောင်းတယ်လို့ သိထားပါတယ်"

အသက် ၂၀ ကျော်အရွယ် ကိုအောင်ဝေယံထွန်းနဲ့ ကိုမျိုးမင်းဦးတို့ဟာ အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသားတွေ လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီက တရားစွဲဆို ထောင်ချလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်ကလည်း မမှန်ကန်ဘူးလို့ မိသားစုနဲ့ နီးစပ် သူတွေက ပြောပါတယ်။

ကိုအောင်ဝေယံထွန်းဟာ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သလို ကိုမျိုးမင်းဦး ကတော့ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း တစ်ဦး ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ မတ်လ ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းလုံးမှာ ပြည်သူ ၁၇,၀၄၀ ဦး ဖမ်းဆီးခံထားရပြီး ၅၂၄၁ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။