တိုင်းနဲ့ ပြည်နယ်လေးခုမှာ တစ်လအတွင်း အရပ်သား ၃၁ ဦး သေဆုံး
2024.12.07
၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ တစ်လအတွင်း ကယားပြည်နယ် (ကရင်နီပြည်)၊ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးသွားတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ရာမညအင်စတီကျုသုတေသနဌာန (RICE) က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ ကယားပြည်နယ် (ကရင်နီပြည်) မှာ ၁၃ ဦး၊ တနင်္သာရီတိုင်းမှာ ၁၂ ဦး၊ ကရင်နဲ့ မွန်မှာ သုံးဦးစီရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လက်နက်နဲ့ အပစ်ခံရတာတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံး၊ ထိခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုင်းနဲ့ ပြည်နယ် လေးခုမှာ နေအိမ် ၃၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အိမ် ၃၃ လုံး မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုရှိခဲ့တဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ဒေသခံတွေကတော့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကို စိုးရိမ်နေတယ်လို့ RFA ကို ပြောပါတယ်။
"ထားဝယ်မှာ တိုက်ပွဲတွေဖြစ်ရင် လက်နက်ကြီးရော၊ ဒရုန်းဗုံးရော သုံးတာ။ ဒေသခံတွေကပဲထိတော့ အဲဒီတိုက်ခိုက်မှုတွေဖြစ်လာမှာ စိုးရိမ်ပါတယ်။ တော်လှန်ရေးတပ်တွေရှိတယ်ဆိုပြီး ရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတာ"
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ စစ်ကောင်စီတပ်က အရပ်သား ၂၆၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီး ကယားပြည် (ကရင်နီပြည်) မှာ အယောက် နှစ်ရာဖမ်းဆီးခံရမှုဟာ အများဆုံးဖြစ်တယ်လို့ RICE က ပြောပါတယ်။ ဖမ်းဆီးခံရသူတချို့က ပြန်လွတ်လာပေမဲ့ တချို့ကတော့ အဆက်အသွယ်မရဘဲ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၆ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်း လေးနှစ်နီးပါးအတွင်း သေဆုံးတဲ့ အရပ်သား ခြောက်ထောင်ကျော် (၆,၀၂၅ ဦး) အထိ ရှိလာပြီဖြစ်ပါတယ်။