နေအိမ်မီးရှို့ခံ ဒီပဲယင်းမြို့ခံတွေ စားဝတ်နေရေးအကူအညီလိုအပ်နေ

ဒီဇင်ဘာလဆန်းပိုင်းကစလို့ မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာ ၁၈ ရွာနဲ့ ရေဦးမြို့နယ်က ကျေးရွာတစ်ရွာ စုစုပေါင်း ရွာ ၁၉ ရွာက စစ်ဘေးဒုက္ခသည် နှစ်သောင်းဝန်းကျင်အတွက် စားဝတ်နေရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

"မီးရှို့ခံထားရတဲ့ အိမ်တွေက ဒေသခံတွေ တခြားရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စုနေနေကြတယ်။ လတ်တလောမြို့နယ် ကူညီရေးအဖွဲ့တွေက ဝိုင်းကူလို့ စားစရာတော့ရှိတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း စားဖို့သောက်ဖို့မလောက်တော့ဘူး။ နေစရာပြန်ရဖို့လည်း အခက်အခဲတွေဖြစ်နေတယ်လို့" မီးရှို့ခံထားရတဲ့ စစ်ဘေးဒုက္ခသည်တွေအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်း၊ ညောင်လှ၊ ကန်ကုန်း၊ နများ၊ ယဉ်ကျေး၊ မူးရိုးကုန်း အစရှိတဲ့ ကျေးရွာ ၁၈ ရွာနဲ့ ရေဦးမြို့နယ်က မစိုးရိမ် ကျေးရွာ စုစုပေါင်းကျေးရွာ ၁၉ ရွာက အိမ်ခြေ တစ်ထောင်ခြောက်ရာကျော် မီးရှို့ခံခဲ့ရတာပါ။

signal-2022-12-12-094706_003.jpeg
ဒီဇင်ဘာလဆန်းပိုင်းကစပြီး နေအိမ်မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ဒေသခံတွေကို တွေ့ရစဉ်။ Photo:Citizen Journalist

မီးရှို့ခံရတဲ့ ရွာတွေထဲမှာ နများရွာက နေအိမ် ၃၁၈လုံး၊ အင်ပင်ရွာက နေအိမ် ၂၅၀၊ ညောင်လှရွာက နေအိမ် ၁၉၇လုံး၊ လက်ယက်ကုန်းရွာက နေအိမ် ၁၈၆ အိမ်၊ ဝဲကြီးရွာက အိမ် ၈၅ လုံးပါဝင်ပါတယ်။

ဒါ့အပြင် ညောင်လှကျေးရွာကကန်ဦးကျောင်း၊ ယဉ်ကျေးရွာက ယဉ်ကျေးတောရကျောင်း၊ မူးရိုးကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ ညောင်ကြီးကုန်းရွာဘုန်းကြီးကျောင်းတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တွေက ဒေသခံတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့လက်အောက်က လူကယ်ပြန်အဖွဲ့နဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ကူညီပေးနေပြီး စားဝတ်နေရေးအတွက်လှူဒါန်းလိုသူတွေလည်း ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံ ကိုဖြိုးက ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ ဆန်အနည်းငယ်၊ ဆီ ပိဿာချိန် ၃၀၊ ရန်ပုံငွေ သိန်း ၃၀ လောက်တော့ရှိသေးတယ်။ ဒါကို အရင်တစ်ကြိမ်မီးရှို့ခံထားရတဲ့ နေအိမ်တွေနဲ့ အခုမီးရှို့ခံထားရတဲ့ အိမ်တွေကို ခွဲခြမ်းပြီး ကူညီပေးဖို့ ပြင်ဆင်နေတယ်။ တခြားထပ်ရလာရင်လည်း ကူညီပေးဖို့ရှိတယ်" လို့ သူကပြောပါတယ်။

signal-2022-12-12-094706_018.jpeg
ဒီဇင်ဘာလဆန်းပိုင်းကစပြီး နေအိမ်မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ဒေသခံတွေကို တွေ့ရစဉ်။ Photo:Citizen Journalist

အခုလဆန်းပိုင်းကစလို့ ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ခံရတဲ့အထဲမှာ မူးရိုးကုန်းကျေးရွာက အဘွားအိုတစ်ဦး၊ သပြေသာ ကျေးရွာက အဘွားအိုတစ်ဦးနဲ့ မဲအိုးကျေးရွာက အဘိုးအိုတစ်ဦး မီးလောင်တဲ့အထဲပါသွားတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ဒေသခံအများအပြားလည်း ဖမ်းဆီးခံရတာတွေရှိတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ ၁၂ ရက်နေ့အထိ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်က နေအိမ် ၁၆၀၀ ကျော်မီးရှို့ခံရပြီး မီးရှို့ခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုသုံးဦး မီးလောင်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

signal-2022-12-12-094706_020.jpeg
ဒီဇင်ဘာလဆန်းပိုင်းကစပြီး နေအိမ်မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ဒေသခံတွေကို တွေ့ရစဉ်။Photo:Citizen Journalist

မီးရှို့ခံရတဲ့ နေအိမ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar ရဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစလို့ လအလိုက် နိုင်ငံတစ်ဝန်းလစဉ် နေအိမ် ၁၀၀၀ ကျော်ကနေ ၆၇၀၀ ကျော်အထိ မီးရှို့ခံခဲ့ရပြီး ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ မီးရှို့ခံရတဲ့ နေအိမ်ပေါင်း ၃၆၀၀၀ ကျော်ရှိနေပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ မီးရှို့ခံရတဲ့နေအိမ်ပေါင်း လေးသောင်းနီးပါးရှိပြီလို့ Data for Myanmar ရဲ့စာရင်းတွေအရသိရပါတယ်။