ဆေးစစ်ပြီး ပိုးမတွေ့အဖြေထွက်တိုင်း မပေါ့ဆဖို့ ကျန်းမာရေးဒုညွှန်ချုပ် သတိပေး

သက်စုအောင်၊ သီဟထွန်း
2020.09.29

နေပြည်တော်က သေဆုံးလူနာဟာ၊ ပိုးမတွေ့ Negative နှစ်ကြိမ်ပြခဲ့ပြီးမှ ရုတ်တရက်သေဆုံးခဲ့တာကြောင့်၊ ပြည်သူအားလုံး ကပ်ရောဂါနဲ့ပတ်သက်ပြီး အထူးသတိထားကြဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက သတိပေးလိုက်ပါတယ်။ ဒီသေဆုံးမှုဟာ နေပြည်တော်မှာ ပထမဆုံးနဲ့ အထူးခြားဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။

နေပြည်တော် လယ်ဝေးမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင် အစိုးရဝန်ထမ်း အမျိုးသားတစ်ဦးဟာ ဌာနဆိုင်ရာသင်တန်းတစ်ခုကနေ ပြန်လာပြီးတဲ့နောက်၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ၁၄ ရက် ကန့်သတ်စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အဲဒီလို နေထိုင်စဉ် သင်တန်းအတူ တက်ခဲ့သူ တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့တာကြောင့် သူလည်း ပိုးရှိမရှိ နှစ်ကြိမ်တိတိ စစ်ဆေးခဲ့ပါတယ်။ နှစ်ကြိမ်စလုံးမှာ ပိုးမတွေ့တဲ့အတွက် နေအိမ်ကို ပြန်ခွင့်ရပြီး၊ အိမ်မှာ Home Stay နေထိုင်စဉ် ငါးရက်မြောက်တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ၊ ခြင်းခတ်နေရင်းက ရောဂါအခံမရှိဘဲ ရုတ်တရက်လဲကျ သေဆုံးခဲ့တာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ ဒါ့ကြောင့် ရုပ်အလောင်းကို ထပ်မံစစ်ဆေးရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့   ရှားပါးဖြစ်စဉ်ဖြစ်တယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

"ကျတော်တို့က Re Infection ပေါ့လေ Negative ဖြစ်ပြီးတော့မှ နောက်မှ ပိုးကူးတာဖြစ်နိုင်တာရှိသလို သူကလည်း အဲဟာနဲ့ဆိုကြားထဲမှာ တစ်ပတ်လောက်ဘဲ ကြာတယ်ဆိုတော့ နောက်ထပ်တစ်ခု ဖြစ်နိုင်တာကတော့ သူသည် ပိုးကရောဂါလက္ခဏာ ပြနိုင်တဲ့ Level ( အဆင့် )ပေါ့ အရေအတွက် မရောက်သေးတဲ့အတွက် ကျတော်တို့ Swab ယူ ( ရောဂါပိုးစစ်ဆေး) တဲ့အချိန်မှာ လွတ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ။ ဆေးစစ်တဲ့အခါကျတော့ သူက ပိုးအကောင်ရေအပေါ်မှာ မူတည်ပြီးတော့ သူက Positive၊ Negative ထွက်တာကို၊ သူတို့သည် အကောင် တစ်သိန်းမှာတွေ့မယ်ဆိုရင် သူက ငါးသောင်း လောက်ပဲရှိသေးရင် သူက ယူလေယူလေ Negative ဖြစ်နေတာပေါ့၊ နောက်ပြီးတော့မှ positive ဖြစ်တာပေါ့၊ ဒါကတော့ တကယ်ပြောရရင် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ လို့တော့ ကျတော့် အနေနဲ့ သုံးသပ်မိပါတယ်။"


ပိုးရှိ၊ မရှိ စစ်ဆေးမှုတွေဟာ နိုင်ငံတကာမှာလည်း ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့်မှန်ကန်တာမျိုး မရှိတဲ့အတွက်၊ ဒီကိစ္စဟာ ဆေးစစ်ချက် အမှားအယွင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဆေးရုံအုပ်ကြီး (ပင်းတယပြည်သူ့ဂုဏ်ရည်ဆုရှင်) ဒေါက်တာ သန်းမင်းထွဋ်ကလည်း ဒီဖြစ်စဉ်ဟာ ဘာကြောင့်ဆိုတာ ခန့်မှန်းရခက်တယ်လို့ ပြောပါတယ်။

"သူက ပထမဆုံး နှစ်ကြိမ်မှာ Negative ပြတယ်၊ နောက်ဆုံးတဲ့ အချိန်မှာ  positive ပြတယ်ဆိုတဲ့ အခါကျတော့ (၁) က Test  ကြောင့်များဖြစ်တာလား ၊ (၂ ) က သူက အဲဒီကြားထဲမှာပဲ ကျတော်တို့ Test စစ်ပြီးတဲ့ ကြားထဲမှာပဲ Infection  ပြန်ပြီးတော့ ဝင်သွားတာလား ၊ (၃) က ကျတော်တို့ မသိနိုင်သေးတဲ့ covid ရဲ့ တခြားမာယာတွေ ရှိသေးလားပေါ့နော် စဉ်းစားစရာ အချက်တွေအများကြီးရှိနေပါတယ်"

ရန်ကုန်မှာလည်း ဒီလိုအရွယ်ကောင်းတွေ ရောဂါအခံမရှိဘဲ ရုတ်တရက်သေဆုံးတာတွေ ရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘာကြောင့်ဒီလို ဖြစ်သလဲဆိုတာကို   စုပေါင်းအဖြေရှာတာမျိုးတွေ လုပ်နေတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ အိမ်မှာနေတဲ့ကာလမှာ၊ အပြင်ထွက် သွားလာတာတွေရှိခဲ့တဲ့အတွက် သူနဲ့ နီးကပ်ထိတွေ့ခဲ့သူဟာ အခုလက်ရှိ ၃၀ ကျော်ရှိနေပြီလို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကပ်ဘေးကာလ အသွားအလာကန့်သတ်နေထိုင်တဲ့ နေရာတွေမှာ ကူညီပေးနေတဲ့ ဒေါက်တာကျော်စွာဦးကတော့ ပိုးမတွေ့လို့ အိမ်မှာ Home Stay နေရတဲ့အချိန်မှာလည်း လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို သေချာစနစ်တကျ လိုက်နာသင့်တယ်လို့ အကြံပြုတိုက်တွန်းပါတယ်။

"ဒီဆေးရုံဆင်းကတည်းကတော့ သူတို့ကိုသေချာလေး ပညာပေးပါတယ်ဗျ၊ ဒါတွေ ဒါတွေ မလုပ်သင့်ဘူး၊ ဒါတွေ ဒါတွေ လုပ်သင့်တယ်၊ အနည်းဆုံး တစ်ပတ် အိမ်မှာပဲနေပါပေါ့နော်၊ မိမိကိုယ်ကိုယ် ကာကွယ်ပါ၊ မိမိ မိသားစုကို ကာကွယ်ပါဆိုတာ အကုန်လုံးကတော့ ဆေးရုံကဆင်းတိုင်းတော့ မှာလိုက်တာပဲဗျ၊ ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းလိုက်နာမှုရယ်၊ နောက်ဒါ လူမူရေးကျင့်ဝတ်လို့ပဲ ပြောရမှာပေါ့နော် အဲဒီ ကျင့်ဝတ်လိုက်နာမှု အပေါ်မှာလည်း မူတည်သေးတယ်ဗျ၊ တချို့က ကျတော့ ဒီဟာလေးတောင် သည်းမခံနိုင်ပဲ အဲဒီလို စည်းကမ်းမဲ့တာ ပေါ့ဆလိုက်တာကြောင့် ဒါမလိုလားအပ်တဲ့ ပြဿနာတွေကတော့ ဖြစ်နိုင်တာပေါ့လေ၊ နောက်ပိုင်းဆို ကျတော်တို့တွေက ပြောလို့ရှိရင် Covid နဲ့ အတူ ယှဉ်တွဲနေထိုင်ပြီး သွားရမယ့် အခြေအနေက နောက်ပိုင်းဖြစ်လာနိုင်ဖို့များတယ်။ အဲလိုသာ စည်းကမ်းတွေ ဖောက်မယ် ပေါ့ဆမယ်ဆိုရင်တော့ ဒါကျတော်တို့အတွက် မကောင်းဘူးပေါ့ဗျာ။ အိမ်မှာ တစ်ပတ်တိတိနေပါဆိုရင် သူကိုယ်တိုင်ကရော သူ့မိသားစုဝင်တွေရော အကုန်လိုက်နာပေးရင် ပိုကောင်းတာပေါ့။"

ဒေါက်တာမြတ်ဝဏ္ဏစိုးကလည်း နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးက ရှိနေပြီဖြစ်တဲ့အတွက် နေပြည်တော်မှာ နေထိုင်တဲ့သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်မှာပဲ နေကြဖို့နဲ့ အပြင်ထွက်ရင် အကာအကွယ် နှာခေါင်းစည်းနဲ့ မျက်နှာကာတွေ တပ်ဆင်ပြီးမှသာထွက်ကြဖို့ သတိပေးထားပါတယ်။

"ဒီ Covid ပိုးကတော့ နေပြည်တော်ကို ကူးစက်ရောက်ရှိနေပြီ နေပြည်တော်နယ်မြေထဲမှာ၊ နယ်မြေထဲမှာ ရှိနေပြီဆိုတော့ ဒါကူးနိုင်တာပေါ့နော် တစ်ယောက်နဲ့ တစ်ယောက် ကူးနိုင်တာပေါ့၊ မကူးအောင်တို့တွေက လုပ်ရတော့မှာပေါ့၊ တစ်ယောက်နဲ့ တစ်ယောက်မကူးအောင်ဆိုတော့ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ခွဲထားပေါ့၊ တတ်နိုင်သ‌လောက် လူစုလူဝေး မလုပ်နဲ့၊ မလိုအပ်ပဲနဲ့ အပြင်မထွက်နဲ့ ၊ အပြင်ထွက်လို့ရှိရင် ( Mask ) မျက်နှာဖုံးစွပ်တပ်၊ ပြီးတော့ တတ်နိုင်သမျှလက်ဆေး ပြီးရင် social distancing ကိုလိုက်နာ၊ ဒါဆိုလို့ရှိရင်တော့ ပိုးကူးစက်မူက ရပ်သွားမှာပါ။"

စက်တင်ဘာ ၂၈ ရက်  ည ၈ နာရီအချိန်အထိ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့စာရင်းအရ၊ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၂၈ ဦးအနက် သေဆုံးသူ သုံးဦးနဲ့ ရောဂါသက်သာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၆၄ ဦးရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။