ကချင်သယံဇာတဝန်ကြီးနဲ့ အမှုလိုက်ရှေ့နေတွေ တွေ့ခွင့်မရ

2021.03.05
ကချင်သယံဇာတဝန်ကြီးနဲ့ အမှုလိုက်ရှေ့နေတွေ တွေ့ခွင့်မရ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း။
Photo: RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနဲ့ သူ့အမှုလိုက်ရှေ့နေတွေ မတ်လ ၅ ရက် ဒီနေ့ထိ တွေ့ခွင့်မရသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထူးဦးကပြောပါတယ်။

ဒီကနေ့ အမှုနဲ့ ပတ်သက်ပြီး စတင်စစ်ဆေးနိုင်ဖို့ မှုခင်းစီမံခန့်ခွဲမှု အပြီးသတ်အစည်းအဝေးကို အွန်လိုင်းကနေ video conference စနစ်နဲ့ ဒီနေ့လုပ်ခဲ့ပေမယ့် ဦးဒါရှီလဆိုင်းကိုတော့ ရုံးမထုတ်ခဲ့ပါဘူး။ အမှုနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ ဝန်ကြီးကို ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးတာကြောင့် မှုခင်းစီမံခန့်ခွဲမှု အပြီးသတ် အစည်းအဝေးမှာလည်း ရှေ့နေတွေက လက်မှတ်မထိုးခဲ့ဘူးလို့ ရှေ့နေ ဦးသက်ထူးဦးက ပြောပါတယ်။

အချုပ်အာမခံထုချေခွင့်ပြုဖို့ လျှောက်ထားခဲ့ပေမယ့်လည်း တရားရုံးက အာမခံမပေးခဲ့ဘူးလို့လည်း ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဝန်ကြီးဦးဒါရှီလဆိုင်းက ၂၀၂ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ အစိုးရဖွဲ့စည်းနိုင်ချိန်အထိ ပြည်နယ်အစိုးရအဖွဲ့ လက်အောက်ဌာန၊ အဖွဲ့အစည်းအားလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တယ်ဆိုပြီး ကြေညာခဲ့တာပါ။

ဒီလိုကြေညာပြီး နောက်တစ်ရက်မှာပဲ ဝန်ကြီးဦးဒါရှီလဆိုင်းကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားပြီးနောက် မြို့နယ်ထွေအုပ် ဒုအုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်ထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။ လာမယ့် ရုံးချိန်းကိုတော့ မတ်လ ၉ ရက်နေ့မှာ ချိန်းဆိုထားပြီး အဲဒီနေ့မှာတော့ တရားလိုအပါ သက်သေ ၅ ယောက်ကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။