လာမယ့်၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု Proportional Representation ရွေးကောက်ပွဲစနစ် အစပျိုးကျင့်သုံးသွားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ မနေ့ကဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးအပါအဝင် တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်က ခေါင်းဆောင်တွေ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီကိစ္စအပေါ် နိုင်ငံရေးပါတီတွေအကြား သဘောထားကွဲလွဲနေကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ ပါတီတွေက အချိုးကျကိုယ်စားပြုစနစ်ဟာ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရရေးကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီစတဲ့ ပါတီတချို့ကတော့ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ထောက်ခံကြောင်း ဖြစ်သင့်ကြောင်းပြောပါတယ်။
လေ့လာသူတွေကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲစနစ်ဟာ သက်တမ်းနုနယ်သေးတဲ့အတွက် အပြောင်းအလဲတွေ မကြာခဏမလုပ်သင့်ကြောင်း ထောက်ပြကြပါတယ်။ တကယ်လို့ လုပ်ရမယ်ဆိုရင်လည်း အချိန်ယူပြီးမှ ပြည်သူတွေ ရွေးကောက်ပွဲစနစ်ကို နားလည်လာမှသာ အစပျိုးသင့်ကြောင်း နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။