ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖောဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ် ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ပတ်သက်ရင် အဖွဲ့ထဲမှာ ရှိနေတာက ပိုပြီးသင့်တော်မယ်လို့ ယူဆတဲ့အတွက် အများသဘောတူ ဆုံးဖြတ်လိုက်တာလို့ DKBA ရဲ့ နိုင်ငံရေးဌါန KKO အတွင်းရေးမှူး ဗိုလ်မှူး စောလုံလုံက RFA ကိုပြောပါတယ်။
"ဒီ ၈ ရက်နဲ့ ၉ ရက်နေ့မှာ ကျနော်တို့ တပ်မှူး ညီလာခံလုပ်တော့ အားလုံးကနေပြီးတော့ လက်ခံလိုက်ပါတယ်၊ လက်ခံလိုက်မှလည်း ကျနော်တို့ တခြားမလိုလားအပ်တဲ့ပြဿနာတွေ ကျနော်တို့ ရှောင်ရှားနိုင်မှာပေါ့၊ သူ့ကိုဒီလိုပဲ လွှတ်ထားမယ်ဆိုရင်တော့ တစ်ခါတစ်ခါကျရင် ထိန်းမရသိမ်းမရဖြစ်သွားတတ်တယ်ပေါ့၊ ကျနော်တို့ ဒီမူလထားတဲ့ အမိန့်ပြန်တမ်းကို ရုပ်သိမ်းပြီးတော့ သူ့ကိုမူလနေရာမှာပဲ ပြန်လည်ခန့် ထားဖို့ဆိုတဲ့ အဆိုပြုခြင်းကို ချမှတ်ခြင်းဖြစ်ပါတယ်"
မနှစ်ကအောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ကျိုက်မရောနယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဌါနချုပ်မှာ ဖြေရှင်းဖို့ပျက် ကွက်ခဲ့တဲ့အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့ကနေထုတ်ခဲ့တာလို့ DKBA ကပြောခဲ့ပါတယ်။
ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်လည် ပေးအပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA ရဲ့နိုင်ငံရေးဌါနဖြစ်တဲ့ KKO ရဲ့ အတွင်းရေးမှူး ဗိုလ်မှူး စောလုံလုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။