ရခိုင်ပြည်နယ်အခြေစိုက် Development Media Group - DMG မီဒီယာကို မတရားသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၂ )နဲ့ သတင်းတပ်ဖွဲ့ SB က တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် တရားဝင်အကြောင်းကြားစာ မရောက်သေးဘူးလို့ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက RFA ကို ဒီနေ့ ပြောပါတယ်။
သတင်းတပ်ဖွဲ့က နီးစပ်ရာအသိတွေဆီကနေ မေလ ၁ ရက်နေ့ ညနေပိုင်းက စတင်သတင်းရခဲ့တာဖြစ်ပြီး သတင်းထောက်၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာချုပ် ဘယ်သူကို တရားစွဲဆိုတယ်၊ ဘယ်သတင်းကြောင့် တရားစွဲဆိုတယ်ဆိုတာကို မသိရသေးဘူးလို့ ဦးအောင်မင်းဦးက ပြောပါတယ်။
ဒီလိုသတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီးမောင်မောင်ကို ဆက်သွယ် မေးမြန်းရာမှာ အလုပ်မအားသေးကြောင်းနဲ့ ရဲမှူးကြီးလင်းထွဋ်ကို ဆက်သွယ်ရာမှာလည်း ဒုရဲအုပ်စာမေးပွဲ အခန်းစောင့်နေတယ်လို့ ဖြေကြားပါတယ်။
DMG သတင်းဌာနဟာ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သတင်းဌာနဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့လိုက်တာပါ။