ဒေါက်တာအေးမောင်တို့ နှစ်ဦး နောက်ဆုံးအယူခံ လက်ခံသင့်၊ မသင့်ကြားနာ
2019.12.10
ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့အမှုအတွက် အထူးအယူခံကို လက်ခံပေးဖို့ နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးခုံရုံးမှာ ဒီနေ့ ရှေ့နေတွေက လျှောက်လဲချက် ပေးခဲ့ပါတယ်။
ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ နှစ်ဦးရဲ့ ရှေ့နေတွေက နှစ်ပါးထိုင် တရားသူကြီးတွေထံ အယူခံ တင်ပြခဲ့ကြတာပါ။
ဒီအမှုအတွက် နောက်ဆုံး အယူခံကို အထူးခုံရုံးက လက်ခံဖို့ သင့် မသင့် ဆုံးဖြတ်ချိန်ကတော့ ၂ လ ခန့်ကြာမယ်လို့ ခန့်မှန်းကြောင်း သူတို့ နှစ်ဦးရဲ့ ရှေ့နေတွေက ပြောပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ " ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း " အထိမ်း အမှတ်နဲ့ ကျင်းပတဲ့ ဟောပြောပွဲမှာ ရခိုင်လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်တာတွေကို ထည့်သွင်း ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို အစိုးရက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ် ၂၀ ကျခံဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။
ဒေါက်တာအေးမောင်ရဲ့ရှေ့နေ ဦးအောင်ကျော်စိန်က သူ့အမှုသည်ဟာ စစ်မက်ပြိုင်ဆိုင်တာမရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို လက်နက်ကိုင်ပြီး ဖြိုဖျက်ဖို့ ကြံစည် လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။
အခုနှစ် မတ်လ ၁၉ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀၊ နိုင်ငံတော် အကြည်ညို ပျက် စေမှုအတွက် ထောင်ဒဏ် ၂ နှစ် အဲဒီအမှုနှစ်ခုကို တပေါင်းတည်း ခံစားခွင့်ပြုပြီး ထောင်ဒဏ် အနှစ် ၂၀ ကျခံဖို့ စစ်တွေခရိုင်တရားရုံးက ဒေါက်တာ အေးမောင်တို့ နှစ်ဦးကို အမိန့်ချခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ မျက်မှောက်ခေတ်အထိ စီရင်ထုံးတွေကို ပြန်ကြည့်ရင် နှုတ်ပြော သက်သက် နဲ့ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ်ဆိုပြီး စီရင်ချက်ချခဲ့တာ တစ်ခုမှ မရှိခဲ့ဘူးကြောင်း တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်စိန် ထောက်ပြပါတယ်။
အခုလို ကြီးလေးတဲ့ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ပြည်နယ်တရားလွှတ်တော်မှာ အယူခံတင်ခဲ့ပေမယ့် ပယ်ချ ခံရတဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ထပ်မံအယူခံတင်ခဲ့တာပါ။
စာရေးဆရာ ဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က သူ့ရဲ့ အမှုသည် ဟောပြောချက်ထဲမှာ နိုင်ငံတော် ပုန်ကန်မှု မြောက်စေတဲ့ လှုံ့ဆော် ပြောဆိုချက်တွေ မပါဝင်ဘူးလို့ ငြင်းဆန်ပါတယ်။
စစ်တွေခရိုင်တရားရုံးက အမိန့်ချခဲ့တဲ့ စီရင်ချက်ထဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားမူများလာတယ် ၊ ပဋိပက္ခတွေ ပိုများလာတယ်လို့ ထည်သွင်း သုံးသပ်ထားတယ်လို့ သိရပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်စိန်က အမှုနဲ့မဆိုင်တဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ အကြောင်းအရာတွေကို ထည့်သွင်း သုံးသပ်တာကလည်း ဥပဒေ မညီဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အမှုမှာ လိုပြသက်သေ တစ်ဦးဖြစ်သူ ရဲအုပ်တစ်ဦးက ဟောပြောပွဲကို တယ်လီဖုန်းနဲ့ အသံ ဖမ်းယူပြီး CD ချပ်နဲ့ ကူးကာ တရားရုံးကို တင်တာဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ရှေ့နေတွေက လျှောက်လဲချက် ပေးခဲ့ပါတယ်။
ဒေါက်တာအေးမောင်တို့ရဲ့ ရှေ့နေတွေက ရခိုင်ပြည်သူအများစုအနေနဲ့ ဟောပြောပွဲတစ်ခုမှာ ပြောဆိုခဲ့တဲ့အပေါ် ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ခဲ့တာကို ခံပြင်းနေကြပြီး တရားစီရင်ရေးစနစ်ကို ယုံကြည်မူ နည်းလာသလို နိုင်ငံရေးနည်းလမ်းနဲ့ ပြောဆို လုပ်ဆောင်မူတွေနဲ့ ပတ်သက်ပြီး ယုံကြည်မူ လျော့နည်းလာတယ်လို့ ဆိုပါတယ်။
အခု အထူးအယူခံကို လက်ခံရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အစုံပါတဲ့ စုံညီခုံရုံးမှာ နှစ်ဖက် ရှေ့တွေက ထပ်မံလျှောက်လဲချက်ပေးရဦးမှာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ကို မတ်လ ၁၉ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့တာဖြစ်ပြီး မူလက စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပေမယ့် ဧပြီလဆန်းပိုင်းမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒေါက်တာအေးမောင်တို့ နှစ်ဦးကို နိုင်ငံရေးအကျဉ်းသား အဖြစ် မသတ်မှတ်ကြောင်း ပြောဆိုထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စဟာ ပြည်ထောင်စုမှာ အထိမခံတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ဆိုပြီး ထည့်သွင်းဟောပြောခဲ့မယ်ဆိုရင် နိုင်ငံတော် သစ္စာဖောက်မှု ဥပဒေအရသာ အရေးယူရမယ်လို့ ပြောဆိုထားပါတယ်။