၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် လေးဦးကို ထားဝယ်အကျဉ်းထောင်ပို့

0:00 / 0:00

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးကို ဒီနေ့ ထားဝယ်မြို့နယ် တရားရုံးမှာ ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် ၄ချက် ရှိပါတယ်။

တင်ဒါခေါ်ယူခြင်းမရှိဘဲ ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းရာမှာ ကုမ္ပဏီတခုကို ကျပ်သိန်း ၄ထောင်နဲ့ လုပ်ပိုင်ခွင့် တိုက်ရိုက်ချပေးတာ၊ ပြည်ေထာင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့မညီဘဲ လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲထဲ ငွေကျပ် ၁.၉ ဘီလီယံထုတ်ယူခွင့်ပေးတာ၊ အဲဒီလိုအခွင့်အရေးပေးပြီးနောက် သူမ ခင်ပွန်းနာမည်နဲ့ ဝယ်ယူထားတဲ့ ထားဝယ်က မြေကွက်ကို အုတ်ခြံစည်းရိုးကာရန်ခိုင်းတာ၊ GGS ကုမ္ပဏီကို ငွေကျပ်တန်ဖိုး သိန်း ၃၂၀ တန် သူမ မိသားစုပိုင်တဲ့နေအိမ်ကို ကာလတန်ဖိုးထက် ၆ဆ ပိုတဲ့ သိန်း ၂ထောင်နဲ့ ရောင်းချတာ၊ အဲဒီနောက် အကျိုးအမြတ် များတဲ့လုပ်ငန်းတွေကို GGS ကုမ္ပဏီထံ လုပ်ပိုင်ခွင့်ချပေးခဲ့တာတွေဖြစ်ပါတယ်။

အဲဒီလိုလုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုတွေရှိခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်ဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ကာ တံစိုးလက်ဆောင်ရယူခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်မရှင်ဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့်ထားတာလို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ဝင်း က RFA ကို ပြောပါတယ်။

“ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာပါ ကျနော်တို့က တရားလိုလုပ်တာမဟုတ်ပါဘူး အဂတိကဆောင်ရွက်တာပါ ကျနော်တို့က ကူညီပံ့ပိုးတာပါ”

တနင်္သာရီတိုင်းအစိုးရအဖဲ့ွ ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နောက်ကွယ်ကနေ ကြိုးကိုင်ကာ အကာအကွယ်ပေးခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးကိုလည်း အရေးယူသင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

“အစိုးရအဖွဲ့ဖွဲ့စည်းဖို့ ဂိုက်လိုင်းပေးခဲ့တာ ဦးအောင်စိုးပဲ ဦးအောင်စိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတော အမကဘာပြောလိုက်တယ် အစိုးရအဖွဲ့ကို အခက်အခဲဖြစ်အောင်မလုပ်နဲ့ ဘာဖြစ်တယ်ညာဖြစ် တယ် အဲလိုနဲ့ချည်း ပိတ်လာတဲ့အခါကျတော့ တိုင်းအစိုးရနဲ့ လွှတ်တော်ကြား လုံးဝကင်းကွာသွားသလို့ ဖြစ်သွားတယ်၊ ဝန်ကြီးချုပ်ကလည်း ဘာဖြစ်လည်းဆိုတော့ သူဘာလုပ်လုပ် သူကို check and balance လုပ်မယ်သူကမရှိတော့ဘူး ဗဟိုမှာလည်း အပြီးပြောထားနိုင်တဲ့ သဘောသက်ရောက်သွားတော့ ဒီလောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်သွားတာ အဓိကတာဝန်ရှိတဲ့ ဦးအောင်စိုးကိုလည်း ပါတီအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ လိုတယ်”

အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောသွားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်စိုးကို RFA က ဆက်သွယ်မေးမြန်းရာမှတော့

“အဲတာတွေမမေးနဲ့ဗျာ ကျနော်ဘာမှမပြောချင်ဘူး”

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“လက်ရှိတော့ ထိန်းထားပြီပေါနော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတဲ့အတိုင်း ထိန်းသိမ်းပြီးတော့ စစ်ဆေးသွားမှာပါ ဟိုဘက်မှာလည်း FDA ညွှန်ချုပ်စစ်ဆေးသလို့ စစ်ဆေးဆောင်ရွက် သွားမှာပါ”

ဒီကော်မရှင်က စစ်ဆေးတေ့ွရှိချက်တွေအပြင် ဒေါက်တာလဲ့လဲ့မော်ဟာ အခြားသော လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်လို့ ဒေသခံတချို့က ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲထဲ ငွေကျပ် ၁.၉ ဘီလီယံထုတ်ယူခွင့်ပေးတဲ့ကိစ္စနဲ့ ဆက်စပ်လို့ နောက်ပိုင်းအကျိုး အမြတ်ကို ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနဲ့ မြိတ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ ခွဲဝေယူတာ၊ မြိတ်မြို့မှာ ပိတ်သိမ်းခံရတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတစ်ခုက စက်ရုံပြန်ဖွင့်ခွင့်ရဖို့ ဝန်ကြီးချုပ်ရဲ့ ဘဏ်အကောင့်ထဲ ငွေလွှဲပေးရ တာတွေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါပေမယ့် ငွေကျပ် ၁.၉ ဘီလီယံထုတ်ယူရာမှာ အကျိုးအမြတ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ မြိတ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို တို့ကို RFA က ၂ဝ၁၉ မတ်လ ၁၃ ရက်နေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းရာမှာတော့… ဒီကိစ္စမှာ သူတို့အနေနဲ့ လုံးဝ ပါဝင်မှုမရှိကြောင်း၊ ဒီကိစ္စတွေကို လမ်းဦးစီးဌာနကို ချပေးတာဖြစ်ကြောင်း ပြောပါတယ်။

ကုမ္ပဏီတစ်ခုက လုပ်ငန်းလုပ်ပိုင်ခွင့်ရဖို့အတွက် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း ဆောက်လုပ်လှူဒါန်းတာတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြိတ်မြို့နယ် ပါတီရုံးဖြစ်ဖို့ မြေလှူဒါန်းပြီးတော့ ပါတီရုံးကြီးတစ်ခုလုံးကို အလကားဆောက်ပေးလိုက်တာ ကျနော်သိထားတာကတော့ ကျနော်တို့ မြိတ်အများပိုင်လျှပ်စစ်မီးနဲ့ ပုဇွန်မွေးကန် ကျဖို့ကြိုးစားတဲ့အခါမှာ သူတို့ကကျေးဇူးသိတတ်တဲ့ လုပ်ပေးတဲ့သဘောမျိုးပေါ ဒါကတော့ သူတို့က ပါတီကိုလာဘ်ထိုးတဲ့ အဂတိတစ်မျိုးပဲလို့ ကျနော်တို့ကမြင်တယ်”

ဒီပါတီရုံးခန်း ဆောက်လုပ်လှူဒါန်းတာနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေအပေါ် တနင်္သာရီတိုင်း NLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးအေးနိုင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မသိရှိကြောင်း ငြင်းဆိုပါတယ်။

“ရုံးဆောက်ဖို့လုပ်နေကြတယ်လို့ အကြမ်းဖျင်းပဲသိတယ် ထဲထဲဝင်ဝင် ကိုယ်တွေဘာမှမသိရဘူး”

ထားဝယ်လေယာဉ်ကွင်း ချုံရှင်းဖို့ ကျပ်သိန်းလေးထောင်နဲ့ ကုမ္ပဏီတစ်ခုကို ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ပေးတာမှာ အဂတိလိုက်စားမှုတွေ ရှိတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ဇန်နဝါရီလလယ်လောက်က တိုက်ရိုက်တိုင်ကြားခဲ့ဖူးပါတယ်။

အဲဒီတိုင်ကြားမှုကိုတော့ ကော်မရှင်က ဒီခြုံရှင်းတဲ့ကိစ္စမှာ အဂတိလိုက်စားမှုမရှိဘူးလို့ တိုင်ကြားသူထံ အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် အဂတိလိုက်စားမှုမြောက်တယ်လို့ ကော်မရှင်က မနေ့က ထုတ်ပြန်ရာမှာတော့ ဒီအချက်ပါဝင်နေတာကြောင့် ကော်မရှင်ကို ဝေဖန်တာတွေလည်းရှိပါတယ်။ ဒီအပေါ်မှာတော့ အရင်တိုင်ကြားတဲ့ ဒေသခံဟာ အချက်အလက်အထောက်အထား ပြည့်စုံမှုမရှိတာကြောင့် အမှုမပေါ်ပေါက်တာဆိုပြီး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ငြင်းဆိုပါတယ်။

ဝန်ကြီးချုပ်အဆင့်ရှိသူတစ်ဦးကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးအရေးယူတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားတဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့စာရင်းတွေထဲက တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာမှာ ဒေါက်တာလဲ့လဲ့မော် နာမည်ကို ဖျက်ထားပြီး ကွက်လပ်ဖြစ်နေ တာတေ့ွရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

(မှတ်ချက်။ ။ ကနဦးသတင်းပေးပို့ချက်တွင် ဖော်ပြထားသည့်… “လမ်းဦးစီးဌာနကို ငွေကျပ် ၁.၉ ဘီလီယံ ထုတ်ယူခွင့်ပေးသည့်ကိစ္စတွင် နောက်ပိုင်းအကျိုးအမြတ်ကို ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးနှင့် မြိတ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ ခွဲဝေယူသည်” ဆိုသည့်စွပ်စွဲချက်နှင့် ပတ်သက်၍ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် မြိတ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုတို့ လုံးဝပါဝင်မှု မရှိကြောင်း ငြင်းဆိုချက်ကို ဖြည့်စွက်ထားပါသည်။)