မြန်မာဝန်ကြီးခရီးစဉ်အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံမှု အကြံပေးအဖွဲ့ ကြိုဆို


2018.04.04
dr-winmyataye-622.jpg လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို မြန်မာအစိုးရဝန်ကြီးတဦး သွားရောက်ကြည့်ရှုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူညီခဲ့တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ် အရေး အကြံပေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ဒုက္ခသည်စခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လာရောက်ကြည့်ရှုမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က မထင်မရှား ကြေညာခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အရေး အကြံပေးအဖွဲ့ ဥက္ကဌဖြစ်တဲ့ ထိုင်း ဒုတိယဝန်ကြီးးချုပ်ဟောင်း ဆူရာကီယတ် ဆက်သီရာထိုင်းက ဝမ်းမြောက်ကြိုဆိုကြောင်း၊ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ခရီးစဉ်ဟာ ရက်ပိုင်းအတွင်း အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း စကာၤပူနိုင်ငံမှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လူဝင်မှုပြဿနာကို ဖြေရှင်းရာမှာ နည်းလမ်းတခုက လူတွေနေရရွှေ့ပြောင်းရတဲ့ အဓိကအကြောင်းရင်းခံကို ကြည့်ဖို့ပါ၊ ပထမအချက်က လုံခြုံရေးပဲ ဖြစ်မှာပါ၊ ဒါပေမဲ့ လုံခြုံမှုရှိနေပါပြီလို့ ပထမဆုံး ပြန်ဝင်လာသူတွေ ကိုယ်တိုင်က ပြောဆိုမှ တဆင့်စကား တဆင့်နားနဲ့ ကျန်တဲ့သူတွေ ပြန်လာကြမှာပါလို့ ဆူရာကီယတ်က ပြောပါတယ်။

ဆူရာကီယတ်နဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းးစုကြည်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေ လာရောက်လေ့လာရေးကိစ္စ မြန်မာအစိုးရက လက်ခံလိုက်တဲ့အပေါ် ဝမ်းမြောက်ကြောင်း အကြံပေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ ရခိုင် ပြည်နယ်အရေး အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးမက်ဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson က ဒီအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးဆိုးပန်းရိုက် လုပ်ပေး၊ ဖုံးဖိဖာထေးနေတဲ့ အဖွဲ့သာဖြစ်တယ်လို့ ပြောဆိုပြီး နှုတ်ထွက်သွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။