ပိတ်မိနေသူ ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ဖို့ ညှိနှိုင်းမှု အောင်မြင်ကြောင်း ဒေါက်တာ ဝင်းမြတ်အေး ပြော


2018.05.06
dr-winmyataye-kachin-622.jpg ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို မြစ်ကြီးနားမြို့က တြီနတီ ဒုက္ခသည်စခန်းမှာ ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လိုင်နောင်ခူး (မံဝေဒေသ) က ပိတ်မိပြည်သူ ၁၀၀ ကျော်ကို အစိုးရက ဦးဆောင်ပြီး ကယ်ဆယ်နိုင်ဖို့အတွက် တပ်မတော်နဲ့ ညှိနှိုင်းမှု အောင်မြင်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ နမ္မတီးမြို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးတိမ်းရှောင်လာသူတွေနဲ့ တွေ့ဆုံတဲ့ခရီးစဉ်မှာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောကြားခဲ့တာဖြစ်ပါတယ်။

"သက်ဆိုင်ရာ တပ်မတော်ကလည်း ကူညီမယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးလို့ရှိရင် ပိတ်မိနေတဲ့လူတွေ ကယ်ထုတ်လို့ ရအောင် တကယ်ဆောင်ရွက်ပေးမယ်ဆိုတဲ့၊ ကူညီမယ်ဆိုတဲ့စကားကိုလည်း ရရှိပြီးပါပြီ၊ အာလုံးနဲ့ ညှိနှိုင်းပြီးပါပြီ၊ ဒီအတွက်ကိုလည်း စိတ်မပူပါနဲ့၊ အဲဒီတော့ ဒီစကားဟာ မှန်မှမှန်ရဲ့လားလို့တောင် သံသယဖြစ်ရင်ဖြစ်မယ် သို့သော် စောင့်ကြည့်ပါ၊ စောင့်ကြည့်မှပဲ အဖြေမှန်သိမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ကတော့ တက်နိုင်သမျှ အားလုံးကို ရာနှုန်းပြည့် အောင်မြင်အောင် ကြိုးစားထားပါတယ်၊ သို့သော် ဒီဆောင်ရွက်ရမယ့်ကိစ္စလေးတွေ ရှိတဲ့အတွက်ကြောင့် အချိန်အနည်းငယ် ကြန့်ကြာသွားတဲ့ကိစ္စတွေမှာလည်း စိတ်ထဲမှာဘယ်လိုမှမဖြစ်ပါနဲ့ ပြည်သူကိုအမြဲတမ်း ကျနော်တို့ အလေးထားပါတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"

ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြုချက်နဲ့ မံဝယ်ဒေသက ပိတ်မိနေသူတွေကို သွားရောက်ကယ်ထုတ်ဖို့  ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အရပ်ဖက်အဖွဲ့တွေနဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ သွားရောက်ခဲ့ပေမယ့် တပ်မတော်ဘက် က တားဆီးတာကြောင့် ကယ်ဆယ်ရေးခရီးစဉ် ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

ပြည်နယ်အနှံ့မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ဘေးကင်းလုံခြုံဖို့ နဲ့ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးရရှိဖို့ တပ်မတော်မှာ အလုံးစုံတာဝန်ရှိတယ်လို့ သုံးသပ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်းနဲ့ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက် မလာသေးသရွေ့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေထံ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတွေ ဆက်လက် ပြုလုပ် သွားမယ်လို့ ကချင်လူငယ်ထု သပိတ်စခန်းဦးဆောင်ကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကချင်လူငယ်တွေ စုဝေးပြီး ပိတ်မိနေသူတွေ လွတ်မြောက်ဖို့ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နမ္မတီးမြို့ကို ရောက်ရှိနေတဲ့ ကဆုန့်ဒေသက စစ်ဘေးဒုက္ခသည် တွေနဲ့ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ အင်ဂျန်းယန်က စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

ဒေါက်တာ ဝင်းမြတ်အေး သွားရောက်ခဲ့တဲ့ နမ္မတီးနဲ့ မြစ်ကြီးနားက ဒုက္ခသည်စခန်းတွေမှာ စုစုပေါင်း လူဦးရေ တစ်ထောင်နီးပါးရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။