ဒေါက်တာဇော်မြင့်မောင် ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် NLD ကြေညာ

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမူဝါဒတွေနဲ့ အသွင်ကူးပြောင်းရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် ရှိသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပြင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို တိုးချဲ့တာဝန်ပေးအပ်လိုက်ကြောင်း ဒီနေ့ အန်အယ်လ်ဒီပါတီ က ကြေညာချက်ထုတ်လိုက်ပါတယ်။

ပါတီနဲ့ပတ်သက်ပြီး ပြောလို့ရတာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တောဇော်မြင့်မောင်က ပြောပါတယ်။

"ကျနော်တို့ ၆ ရက်နေ့ကလုပ်တဲ့ CEC အစည်းအဝေးမှာ ခန့်အပ်လိုက်တာပါ၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် ထပ်တိုးပြီးတော့ ခန့်အပ်လိုက်တယ်ဆိုတော့ ပါတီနဲ့ဆိုင်တဲ့ ကိစ္စအားလုံးလည်း အကျုံးဝင်မယ်၊ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ မူဝါဒပိုင်းဆိုင်ရာပေါ့ဗျာ၊ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိပါတယ်၊ ကျနော်တို့က သတင်းစာ ရှင်းလင်းပွဲတွေဆိုရင် အမလုပ်တာများပါတယ်၊ ဒါကတော့ သိချင်တာတွေရှိရင် သတင်းထောက်တွေမေးရင် ကျနော်ဖြေဖို့ပါ"

အစိုးရတာဝန် လွဲှပြောင်းရေးကိစ္စရပ်တွေနဲ့ ပါတီမူဝါဒတွေကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သာ ပြောရေးဆိုခွင့်ရှိတာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံရာမှာ မီဒီယာတွေအပေါ် ဖြေကြားနေတာတွေကို သတိပေးပြောကြားထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက် ပွဲတို့မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပြီး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်ပါ တယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ပေးအပ်ခံရမယ်လို့ နာမည်ထွက်နေသူလည်း ဖြစ်ပါ တယ်။

ဒေါက်တာ ဇော်မြင့်မောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။