မကွေးတိုင်းမှာ အထူးမိုးခေါင်လို့ အခုနှစ် ရေတွင်းရေကန်တွေ ခန်း

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီနှစ် မိုးရာသီအတွင်း ကွက်ကြားမိုးပဲ ရွာသွန်းတဲ့အတွက် အဓိကကျတဲ့ ရေတွင်းရေကန်တွေ ရေခန်းကုန်ပြီး သီးနှံ စိုက်ပျိုးရေး မစနိုင်သေးဘူးလို့ သိရပါတယ်။

2010.08.29
dried_earth_305_z ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ရေခန်းခြောက်ပြီး ပတ်ကြားအက်နေသော ရေကန်တခု ဖြစ်ပါသည်။ (Photo: AFP)
AFP

ဒီလို မိုးခေါင်တာမျိုး မကြုံဖူးတဲ့အကြောင်း သက်တော် ၇၀ နီးပါးရှိတဲ့  ဆရာတော်တပါးက မိန့်တော်မူတယ်လို့ ရေစကြိုမြို့ခံ တဦးက ပြောပါတယ်။

“တောကျောင်းဆရာတော် ဦး သောဝန ပြောပြချက်အရ သူ့တသက်မှာ ဒီလောက်မိုးခေါင်တာ တခါမှ မတွေ့ဖူးဘူးလို့ ပြောပါတယ်။ ကျောင်းက ရေကန်ဟာ ဘယ်တုန်းကမှ ရေ မခန်းဖူးဘူးပေါ့။ ဒီနှစ် ရေတစက်မှ မရှိဘူး။ သြဂုတ်လဆန်း ပြီးတဲ့အထိ တနယ်လုံးခြုံပြောရရင် မိုးက မရွာသလောက်ပါပဲ။ သြဂုတ်လထဲ ရောက်တော့မှ ရွာသင့်သလောက် ဟိုနားကွက်ကျား ဒီနား ကွက်ကျားရွာတယ်။ ဒါပေမယ့် အဓိကကျတဲ့ ကန်ကြီးတွေမှာ ကနေ့အထိ ရေတစက်မှ မရှိသေးဘူး”

မနှစ်ကလည်း မိုးနည်းပြီး ဒီနှစ်လည်း မိုးခေါင်လွန်းတဲ့အတွက် တော်ရုံတန်ရုံ အပူဒဏ်ခံကို ခံနိုင်ရည်ရှိတဲ့ဲ့ သဘာ၀ ပေါက်ပင်တွေတောင် သေကုန်တယ်လို့ ဆိုပါတယ်။

“နှမ်းယဉ်တို့ လိုဟာ စိုက်ဖို့တော့ ထားရော။ သဘာဝပေါက်ပင် ထနောင်းပင်လိုကစ သေတဲ့သဘော ဖြစ်နေတယ်။ ဇောင်းပြဿဒ်ပင်ဆိုတာ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းမှာ ပေါက်တာပါ၊ အဲဒီ ဇောင်းပြဿဒ်ပင်တွေတောင်မှ သေပါတယ်။ ထန်းတောတွေဆိုရင် ထန်းပင်တွေဟာ ဟိုတုန်းကလို စိုစိမ်းမနေပဲနဲ့ ထန်းတောတွေက ခြောက်တယ်ဆို ထန်းရွက်တွေပါ အားလုံးဖြူဖွေးနေတော့တာပဲ။ တချို့အပင်တွေဆို ခေါင်ဖူးပါကျိုးပြီး သေနေကြပါပြီ”

ရေကန်တွေ ရေမရှိတဲ့အပြင် ရှေးက တူးထားတဲ့ ပေ ၅၀- ၆၀ နက်တဲ့ ရေတွင်းတွေလည်း ရေမထွက်တဲ့အတွက် ပေ သုံး- လေး- ငါးရာ နက်တဲ့ အဝီစိတွင်းရေကို အားထား သုံးနေရပေမယ့် ဒီ အဝီစိတွင်းရေ ထွက်အားကလည်း ခါတိုင်းနှစ်တွေလောက် မကောင်းဘူးလို့ ပြောပါတယ်။

ရေစကြိုနယ်ဟာ နာမည်ကျော် ရှင်မတောင်သနပ်ခါး ထွက်တဲ့ဒေသ ဖြစ်ပါတယ်။ အရင်ကဆို သနပ်ခါးတုံး ကြိတ်ပြီး ရလာတဲ့ ပျော့ဖတ်နဲ့ အမွှေးတိုင် လုပ်တဲ့အတွက် အမွှေးတိုင်လုပ်ငန်း ထွန်းကားတဲ့ဒေသ ဖြစ်လာရာက တစတစနဲ့ နောက်ပိုင်းမှာ ရသမျှ သစ်ပင်က အသားတွေကို အမွှေးတိုင်လုပ်ငန်းမှာ သုံးလာတဲ့အတွက် သစ်ပင်တွေ ကုန်သွားတဲ့ ဒေသတခု ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနေရာ အတော်များများမှာ ဒီနှစ် မိုးနည်းနေပြီး ရေစကြိုမြို့နယ်ဟာ မိုးအနည်းဆုံးဒေသ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ နောက်မိုးသာ မကောင်းရင် တောင်သူတွေ ဘာအပင်မှ စိုက်ပျိုးလို့ မရတော့တဲ့အတွက် တရပ်တပါး ပြောင်းရွှေ့ရမယ့်ကိန်း ရောက်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။