ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မူးယစ်ဆေးပြား ၂ သန်းကျော်နဲ့အတူ မြန်မာနိုင်ငံသား အာခါလူမျိုးတစ်မျိုးကို မနေ့က ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မယ်ဆိုင်မြို့ ဖန်ခမ်းကျေးရွာအုပ်စု ဖာမီရပ်ကွက်အနီးမှာ သတင်းအရ ကားတစ်စီးကို တားဆီးရှာဖွေဖို့ ရပ်တန့်ခိုင်းခဲ့ရာက ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တာလို့ မယ်ဆိုင်မြို့မှာ စီးပွားရေးလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဦးတင်မောင်က ပြောပါတယ်။
"အဲဒီ ဗမာဘက်ကနေအဝင် လှည့်ပြီးတော့ ဝင်တဲ့နေရာလေ၊ သူက တောင်ပေါ်ကနေ ဝင်ပြီးတော့မှ ဝမ်ထန်ဂိတ် ကျော်သွားပြီးတော့မှမိတာလေ၊ ကားအဖြူနဲ့ဆိုပြီးတော့ သူတို့က သတင်းရလို့ အဲဒီ ကားကိုလိုက်တာလေ အဲဒီမှာ မိတာ၊ ပစ်တာ ခတ်တာတော့ ဖြစ်သွားတယ်လေ။ မြန်မာနိုင်ငံသား ဆိုတာတော့ အဲဒီအခါတွေ လားဟူတွေ၊ လားဟူတော့ သိပ်မပါဘူး၊ အခုဟာ ဝ နဲ့ အာခါ ပဲ ဖြစ်နေတယ်၊ ဟိုတနေ့က မိတာလည်း ဝ အဖွဲ့လေ။ အခုဟာ အာခါ လေ။ အဲဒီ ပန်မီ တို့ ဘာတို့ဘက်ကနေ သွားတဲ့လမ်း ဆိုတာက အဲဒီ ဝ တွေပဲ လမ်းရှိတာလေ"
မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းကတော့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ကားပေါ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကားနောက်မှာ လိုက်ပါလာတဲ့ မူးယစ်ဆေး သယ်ဆောင်သူတချို့က ထွက်ပြေးခဲ့ကြပေမယ့် မိုင်းဖြတ်မြို့နယ်က အသက် ၂ဝ အရွယ် အာခါလူမျိုး အာကျော် ဆိုသူကတော့ ပစ်ခတ်မှုဖြစ်ပွားရာ မီတာ ၁ဝဝ အနီးမှာ ပုန်းအောင်းနေစဉ် ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မကြာသေးခင် ရက်ပိုင်းကလည်း အခု မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ နေရာအနီးမှာပဲ ထိုင်း မြန်မာ နယ်စပ်ကနေ သယ်ဆောင်လာတဲ့ မူးယစ်စိတ်ကြွဆေးပြား ၄ သန်းကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်ရေး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါသေးတယ်။