မလေးမှာမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်သူတချို့ကို ထပ်မံဖမ်းမိ


2018.06.20
drug-622.jpg မလေးရှားမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်သူတချို့ကို တွေ့ရစဉ်
Photo: Ministry of Home Affairs, Myanmar - facebook

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကွင်းဆက်တရားခံ တစ်ချို့ကို ဖမ်းမိထားသလို ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖမ်းမိနိုင်ရေးအတွက် ကူညီပေးဖို့ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ စီမရစ်မြို့ကုန်လှောင်ရုံမှာ မြန်မာနိုင်ငံကနေ တင်ပို့လိုက် တဲ့ မက်အဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၇၅၀ ဂရမ်တို့ကို မလေးရှားနိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ဇွန်လ ၅ ရက်နေ့က အဓိက တရားခံတစ်ဦးဖြစ်တဲ့ မောင်မောင် (ခ) Hj Yassin ကို မန္တလေးမြို့ ၁၆ မိုင် ဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး သူရဲ့ ထွက်ဆိုချက်တွေအရ နောက်ထပ်ကွင်းဆက် တရားခံတွေဖြစ်ကြတဲ့ တာချီလိတ်မြို့နေ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံတွေ ဖော်ပြထားကာ တွေ့ရှိခဲ့ရင် နီးစပ်ရာ ရဲစခန်းအသီးသီးကို သတင်းပေးပို့ဖို့ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

မူးယစ်ဆေးဝါးတွေကို ပို့ဆောင်ခဲ့သူဖြစ်တဲ့ မောင်မောင်(ခ) HJ Yassin ရဲ့ထွက်ဆိုချက်အရ မလေးရှားမှာ တွေ့ဆုံသိကျွမ်းခဲ့တဲ့ တာချီလိတ်နေ အမျိုးသမီးထံကနေ မူးယစ်ဆေးဝါးတွေကို တာချီလိတ်ကနေတစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က မင်းနိုင် ဆိုသူပိုင်တဲ့ Nice Guy သောက်ရေသန့် စက်ရုံကို ပို့ခဲ့ကြောင်း အဲဒီစက်ရုံ ကနေတစ်ဆင့် ဟူ စိန်(ခ) မိုဟာမက်ဟူစိန် က အောက်ပုဇွန်တောင်လမ်းက မောင်မောင်ရဲ့ ဂိုဒေါင်ဆီ ပို့ဆောင် ခဲ့ကြောင်း၊ မင်းနိုင်ရဲ့ Nice Guy Clerance Service Agency ကနေ စီစဉ်ပေးမှုနဲ့ ကွန်တိန်နာထဲမှာ မြန်မာ့ရိုးရာ အစားအသောက်တွေနဲ့ မူးယစ်ဆေးဝါးတွေ ရောနှောကာ မလေးရှားနိုင်ငံကို ပို့ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာနေပြီး စတိုးဆိုင်ဖွင့်ထားတဲ့ ဇေယျာဟိန်း ဆိုသူက လက်ခံရယူပြီး မလေးရှားနိုင်ငံမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးနေသူ အမျိုးသားတစ်ဦးထံ ပေးပို့ရကြောင်း အဲဒီအမျိုးသားဟာ တာချီလိတ်နေ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်ကြောင်းလည်း သိရှိရတယ်လို့ ဖော်ပြထားပါတယ်။

ဇေယျာဟိန်းဆိုသူက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ရန်ကုန်ကို ပြန်ရောက်ရှိလာရာမှာ ဇွန်လ (၉) ရက်နေ့က အမှုစစ်အဖွဲ့က ဖမ်းဆီးရမိထားပါတယ်။

မောင်မောင်နဲ့ ဇေယျာဟိန်း တို့ကို တိုက်ဆိုင်စစ်ဆေးထွက်ဆိုချက်တွေအရ ထားဝယ်မြို့မှာ နေထိုင်သူ တစ်ဦးကိုလည်း ဇွန်လ (၁၂) ရက်နေ့က မလွှဲတောင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

တရားခံတွေရဲ့ ထွက်ဆိုချက်တွေအရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ပိုင်ဆိုင်ထားတယ်လို့ ယူဆရတဲ့ မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းတွေကို စိစစ်ခဲ့ရာမှာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ) ဆီက ခန့်မှန်းကျပ် သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်မြို့မှာ နေထိုင်သူ ဆီက ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း ဆီက ခန့်မှန်း ကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင်ဆီက ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ တိမ်းရှောင်နေသူနှစ်ဦးဆီက ခန့်မှန်းကျပ် သိန်းပေါင်း ရှစ်သောင်းခွဲကျော် တို့ကို စိစစ်တွေ့ရှိထိန်းသိမ်းကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဗဟိုဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။