လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါး ဆက်နွယ်မှု

0:00 / 0:00

မူးယစ်ဆေးဝါးထွက်ရှိမှုနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက "ဝ" ဒေသမှာ ဒီလဆန်းလောက် ကစပြီး မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးနေတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အနီးက ရှမ်းပြည်နယ်အရှေ့ပိုင်း UWSA ဝတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ နယ်မြေမှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၊ ၂ ရက်နေ့တွေမှာ စိတ်ကြွဆေးပြား အမြောက်အမြားနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ "ဝ" အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မူးယစ်မှောင်ခိုသမားတွေဟာ မြန်မာထိုင်းနယ်စပ် ဝ တောင်ပိုင်း ၁၇၁ ဒေသကိုဖြတ်ပြီး ထိုင်းနိုင်ငံကို မူးယစ်ဆေးတွေ ပို့မယ်ဆိုတဲ့ သတင်းတွေ ကြိုရခဲ့တာကြောင့် အောက်တိုဘာ ၁ ရက်နေ့က ဟွေ့အော်မြို့နယ် နမ့်ယွန်းကျေးရွာအနီးမှာ မသင်္ကာတဲ့သူတွေကိုတွေ့လို့ လိုက်လံရှင်းလင်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ် ခဲ့တယ်လို့ ဝ တပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ပစ်ခတ်ဖမ်းဆီးမှုမှာ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရသူ တစ်ဦး၊ ဖမ်းဆီးရမိသူ ရှစ်ဦး စုစုပေါင်း ၁၁ ဦးကို သေနတ်တစ်လက်၊ WY စိတ်ကြွဆေးပြား ၁၈ သိန်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီဖမ်းဆီးမှုမှာ လွတ်မြောက်သွားသူတွေကို ထပ်မံလိုက်လံဖမ်းဆီးရာ အောက်တိုဘာ ၂ ရက်နေ့က စိတ်ကြွမူး ယစ်ဆေးပြား သိန်း ၃၀ နဲ့အတူ နောက်ထပ် ၇ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီ ၇ ဦးထဲက ခြောက်ဦးကို အသေဖမ်းမိတာဖြစ်ပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့တာပါ။

UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရန်း

ဒီလိုဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရန်း က အခုလို ပြောပါတယ်။

"ဒုတိယတစ်သုတ်ဖမ်းမိတာ သိန်း ၃၀ ပေါ့ လူကတော့ ခြောက်ယောက် အသေရတယ်ပေါ့၊ တစ်ယောက် အရှင်ဖမ်းမိတယ်။ စစ်ဆေးနေတုန်းပါပဲ။ အရင်ကတော့ စစ်ဆေးပြီး လွဲှပြောင်းပေး တဲ့ဖြစ်စဉ်တွေရှိတယ်၊ အခုဒီ တစ်ကြိမ်ကတော့ လူကြီးတွေ ဘယ်လိုလုပ်မယ်ဆိုတာ မသိသေးဘူး"

ဝ ဒေဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

အရင်ကရှိခဲ့ဖူးတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နဲ့ နာမည်ဆိုးတွေကြောင့် မူးယစ်ဆေးထိန်းချုပ်မှုတွေကို ကိုယ်တိုင်လုပ်ဆောင်နေတယ်ဆိုတဲ့ ပြယုဒ်အတွက် အခုလိုဆောင်ရွက်နေတာလို့ မြင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင် ကပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်

"ဝ အဖွဲ့က အခု မူးယစ်ဆေးတွေ ဖမ်းမိတယ်ဆိုတဲ့ကိစ္စကတော့ သူ့ပြသနာက ဒီလုပ်ငန်းကို လုပ်နေတယ်၊ ဝအဖွဲ့က မူးယစ်ဆေးတွေ ရောင်းချနေတယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ တစ်ချိန်က လုပ်ခဲ့တာတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျတော်တို့ မြင်ခဲ့တွေ့ခဲ့တာ ကတော့ ဝ အဖွဲ့ အစိတ်အပိုင်း တော်တော်များများမှာကတော့ မူးယစ်ဆေးပပျောက်ရေးလုပ်ငန်းကို တော်တော်လေး အဓိကထား လုပ်ကိုင်နေတာ တွေ့ရပါတယ်။ မူးယစ်ဆေးဝါးပတ်သက်တဲ့ကိစ္စမှာ သူတို့ ဒီနေ့အခါမှာ ပါဝင်မှုမရှိတဲ့အပြင် ဆန့်ကျင်တဲ့ဘက်မှာ ပါဝင်နေတယ်လို့ ပုံဖော်ချင်တဲ့အတွက် လက်တွေ့ဖြစ်ရပ်တွေနဲ့ ဖော်ပြနေတာပါ"

လက်နက်ကိုင် တပ်ဖွဲ့တွေဟာ စစ်လက်နက်တပ်ဆင်ဖို့နဲ့ ဘဏ္ဍာငွေ ရရှိဖို့အတွက် မူးယစ်ဆေးလုပ်ငန်းတွေမှာ ပတ်သက်ဆက်နွယ်နေကြသလို စိုက်ပျိုးထုတ်လုပ်မှုတွေမှာ ကိုယ်တိုင်လုပ်ကိုင်တာတွေ၊ စေခိုင်းတာတွေလည်း ရှိနေတယ်လို့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေ မကြာခဏရှိနေပြီး လက်နက်ကိုင်တွေ အများကြီးရှိနေတဲ့ ရှမ်းပြည်နယ်မှာ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်မှုမရှိရင် မူးယစ်ဆေးလုပ်ငန်း လုပ်လို့မရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင် က ပြောပါတယ်။

"ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲကတွေစုံတယ် အဖွဲ့အစည်းပေါင်းစုံရှိတယ်။ အဲဒီတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေက တစ်နည်းမဟုတ် တစ်နည်း ဘယ်သူမဆို ဒီလိုအဖွဲ့အစည်းတွေနဲ့ ပတ်သက်မှ လုပ်လို့ရမှာ။ နောက်ပြီးတော့ ထုတ်လုပ်တဲ့နေရာတွေကလည်း အဲဒီဧရိယာတွေမှာပဲ ထုတ်လုပ်တာလို့ အကြမ်းဖျဉ်းသိရတယ်။ အဲဒီအခါ ကျတော်တို့ကတော့ အဲဒီလိုပဲ သိထားတယ် အကုန်လုံး တစ်ခုမဟုတ် တစ်ခုနဲ့ ပတ်သက်နေတယ်လို့ ယူဆထားတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်း ခြောက်ထောင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စခန်းတွေကို တပ်မတော်က လုံခြုံရေး ဆောင်ရွက်ရာကနေ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့တွေမှာ ရွှေတြိဂံဒေသ၊ တာချီလိတ်မြို့နယ်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ စိတ်ကြွ မူးယစ်ဆေးပြား ၁၁ သိန်းနဲ့ မူးယစ်ဆေးချက်ရာမှာ အသုံးပြုတဲ့ ဟိုက်ဒရို ကလိုရစ်အက်ဆစ်တွေကို ဖမ်းဆီးရမိထားပါတယ်။

လက်နက်ကိုင် အဖွဲ့တွေ မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့ ဆိုလိုက်ရင် ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုသာ မြင်နေကြပြီး တပ်မတော်နဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေ အဖွဲ့အစည်း အကြီးအသေးတွေကို ထည့်သွင်းစဉ်းစားတာ မရှိဘူးလို့ ဦးသိန်းစိုးနိုင် က သုံးသပ်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ဖော်ပြောကြားမှုအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်နဲ့ လက်နက်မပါ အဖွဲ့အစည်း ရာကျော်ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒု-ဗိုလ်မှူးကြီး စိုင်းဦး

လက်နက်ကိုင်လို့ပြောရင် တပ်မတော်ပါ ပါဝင်ပြီး တပ်မတော်မွေးဖွား ထားတဲ့ အဖွဲ့တွေလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒု-ဗိုလ်မှူးကြီး စိုင်းဦးက တုံ့ပြန်ပါတယ်။

"လက်နက်ကိုင်နဲ့ ပတ်သက်တယ်ဆိုကတည်းက တပ်နဲ့လည်း ပတ်သက်နေတာပဲ၊ အဲ့လိုယူဆလို့ရတယ်။ အထူးသဖြင့် တပ်က မွေးထုတ်ထားတဲ့အဖွဲ့တွေနဲ့လည်း ပါဝင်ပတ်သက်မှုတွေ ရှိနေတာပဲ"

RCSS အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆွေးနွေးနေတဲ့ အချိန်ကစပြီး မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ပတ်သက်မှုမရှိတော့ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကိုပါ ပူးပေါင်းဆောင် ရွက်နေကြောင်း ပြောပါတယ်။

မူးယစ်ဆေးဝါးဟာ နိုင်ငံရေးမှာလည်း တစ်ဖက်လှည့်နဲ့ အသုံးချခံနေရတယ်လို့ သူ့အနေနဲ့ မြင်မိကြောင်းနဲ့ ခေတ်အဆက်ဆက် တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးထွက်ခဲ့ပြီး ရှမ်းပြည်နယ်က မူးယစ်ရာဇာတွေဖြစ်ခဲ့တဲ့ ခွန်ဆာ၊ လော်စစ်ဟန်၊ စိုင်းနော်ခမ်းတို့ သေဆုံးသွားပေမယ့် မူးယစ်ဆေးဝါးတွေက ဆက်လက်ရှိနေတာပဲဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (me)

မူးယစ်မှုတွေမှာ ပြည်သူ့စစ်အဖွဲ့တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ တပ်မတော်က ငြင်းဆိုထားခြင်း မရှိပါဘူး။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတာက

"ကျနော်တို့ ပြောလိုတာကတော့ ဒီပြည်သူ့စစ်အဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုထားတာ မရှိပါဘူး။ ရှိနိုင်ပါတယ်။ သို့သော် ကျနော်တို့ ပြောနိုင်တာက ဒါနဲ့ပတ်သက်ပြီး ရှိရင်လည်း ရှိတဲ့အကြောင်း ဆောင်ရွက်ရင်လည်း ဆောင်ရွက်တဲ့အကြောင်း ပြောပါတယ်။ ပတ်သက်ဆက်နွယ်မှုရှိရင် တရားဥပဒေအတိုင်း ဆောင်ရွက်လျှက်ရှိတယ်လို့ ပြောပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ပြောလိုတာကတော့ အများစုက လက်နက်ကိုင်အဖွဲ့တွေက အခုလောလောဆယ်ဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့က ပိုပြီးပတ်သက်မှု များပါတယ်"

ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ methamphetamine ဆေးပြားအများစုဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဝေးလံသီခေါင်ပြီး တရားဥပဒေအရ လက်လှမ်းမမီတဲ့ နေရာတွေ မှာရှိတဲ့ ဓာတ်ခွဲခန်းတွေကနေ ထုတ်လုပ်တာလို့ ဆိုထားပါတယ်။

အဲဒီအစီရင်ခံစာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသအဖြစ် မြစ်ကြီးနားမြို့အရှေ့ဘက် ဆဒုံးဒေသနဲ့ တနိုင်းဒေသဖြစ် တယ်လို့ ဖော်ပြထားပြီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ နယ်ခြားစောင့်တပ် BGF အခြေစိုက်နေရာ များဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီဖော်ပြချက်အရ ဆဒုံးဒေသဟာ KIA ထိန်းချုပ် ဒေသမဟုတ်ဘဲ အစိုးရထိန်းချုပ်ရာ BGF နေရာဖြစ်တယ်လို့ ရေးသားထားပြီး ဘိန်းစိုက်ပမာဏ မြင့်မားတယ်ဆိုတဲ့ တနိုင်းဒေသဟာ တပ်မတော်နဲ့ ပြည်သူ့စစ်စခန်းတွေ တည်ရှိရာ အနီးတဝိုက်မှာဖြစ်တယ်လို့ KIA က ပြန်လည်တုံ့ပြန်ထားပါတယ်။

KIA ဟာ ဘိန်းဖျက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတာတွေရှိပြီး UNODC ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထား ပါတယ်။

၀ တပ်ဖွဲ့ဟာလည်း သြဂုတ်လအတွင်း ရှမ်းပြည်အရှေ့ပိုင်း လွယ်လွန်းဒေသမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ မူးယစ်ဆေးဝါး ကုန်သွယ်သူ အယောက် ၅၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကို ၀ တပ်ဖွဲ့က ရှာဖွေဖမ်းဆီးရေးတွေ လုပ်ဆောင်နေပြီး ဖမ်းဆီးရမိသူတွေကို အစိုးရထံ လွှဲပြောင်း တာတွေလည်း ရှိနေပါတယ်။

UNODC က ဇူလိုင်လအတွင်းထုတ်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာထုတ်တဲ့ ယာဘဆေးပြားတွေဟာ အိမ်နီးချင်း မူးယစ်ဆေးဝါးဈေးကွက်သာမက သြစတြေးလျနဲ့ ဂျပန်နိုင်ငံထိ ပျံ့နှံ့ရောက်ရှိအောင် ရာဇဝတ်ဂိုဏ်းတွေက အထောက်အကူပေးနေတယ်လို့ ဆိုပါတယ်။

ရွှေတြိဂံဒေသကထွက်တဲ့ ဘိန်းဖြူကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံရပြီး တရုတ်ပြည်ကတော့ ဈေးကွက်အကြီးမားဆုံးပဲလို့ UNODC ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

(RFA သတင်းထောက် မဝေယံမိုးမြင့် ပေးပို့သည်)