ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီး ရုံးထုတ်ရမန်ယူ

မူးယစ်ရဲတပ်ဖွဲ့ကို စာပေးပို့ တိုင်ကြားထားမှုရှိတာကြောင့် သန်းထွန်းဇော်(ခ) ဒါရိုက်တာ မိုက်တီးကို ရှာဖွေစစ်ဆေး ရာမှာ မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့ပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဒါရိုက်တာ မိုက်တီးကို ဖမ်းဆီးစစ်ဆေးနေတဲ့ အခြေအနေကို တာမွေမြို့နယ် ရဲစခန်းက ဒုရဲအုပ် ဇော်မိုးထက်က အခုလို ပြောပါတယ်။

"ပုဒ်မက ၁၆(ဂ)နဲ့ စွဲထားတယ်၊ Up Date အခြေအနေက ကျနော်တို့ အခုလက်ရှိကတော့ အဲဒါပဲရှိတယ်လေ၊ ကျန်တာဟာတော့ မသိသေးဘူးဗျ၊ ကျနော်တို့ကတော့ ရဲလုပ်ငန်းအရ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်တယ် ဒါပဲ၊ တိုင်စာပေးတဲ့ မူးယစ်တပ်ဖွဲ့က ပေးတာဆိုတော့ မူးယစ်တပ်ဖွဲ့ကိုမေးလိုက်ရင် အဆင်ပြေတာပေါ့၊ အစ်ကိုတို့ သိချင်တဲ့ဟာတွေ ကျနော်တို့ကကျတော့ အခုမှ လက်ရှိမှ ရမန်ယူပြီး ဆေးစစ်တယ် ဒါပဲ ရှိသေးတာလေ"

သြဂုတ်လ ၁၆ ရက်နေ့ မနေ့ ညပိုင်းက ဒါရိုက်တာ မိုက်တီး မောင်းနှင်လာတဲ့ ကားကိုရဲတပ်ဖွဲ့က စစ်ဆေးချိန်မှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြားကို ကားပေါ်မှာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သန်းထွန်းဇော်(ခ) ဒါရိုက်တာ မိုက်တီးကို တာမွေမြို့နယ် ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

ဒီလပိုင်းတွေအတွင်း အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော် ရွှေထိုက်နဲ့ ရသတို့ဟာလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒါရိုက်တာ မိုက်တီးဟာလည်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ ရတာဖြစ်ပါတယ်။