နိုင်ငံခြားသားတွေပါတဲ့ မူးယစ်ဂိုဏ်းဖမ်းမိ

နိုင်ငံခြားသားတွေပါဝင်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကို ငွေကျပ် သန်းပေါင်းလေးသောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

မူးယစ်ဆေးဝါး အမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင်ကနေတဆင့် နိုင်ငံတကာဈေးကွက်ကိုတင်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေအရ စုံစမ်းမှုတွေ ပြုလုပ်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်-တိုင်ပေခရီးစဉ်ကိုလိုက်ပါမယ့် တိုင်ပေနိုင်ငံသား CAI JENG ZE ကို ကတ်တမင်း ၁၆၀ ဂရမ်နဲ့အတူ စတင်ဖမ်းဆီးရမိခဲ့ပြီး နောက်ဆက်တွဲ ဆက်လက်ဖော်ထုတ်နိုင်ခဲ့တာဖြစ် ပါတယ်။

အဲဒီအမှုနဲ့ဆက်စပ်ပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် စက်ဆန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်း ရပ်ကွက်တွေမှာ တရုတ်နိုင်ငံသားတွေကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရုတ်နိုင်ငံ သားတွေကို စီးပွားရေးဗီဇာနဲ့ ဝင်ခွင့်ရဖို့ဆောင်ရွက်ပေးပြီး အမှုမှာပါဝင်ပတ်သက်နေတဲ့ Lucky Pioneer ကုမ္ပဏီ ဒါရိုက်တာ ဦးရန်နိုင်ထွန်းနဲ့ မူးယစ်ဆေးသယ်ဆောင်သူ မထွန်းထွန်းဝင်းတို့ကို ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ဖော်ထုတ်မှုအရ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ပေးသူ ရန်ခိုင်းကွဲ့နဲ့ ဇနီးမရန်ရင်ဟွေ့တို့ကိုပါ ရှမ်းပြည် နယ် လားရှိုးမြို့မှာ ဖမ်းဆီးရမိခဲ့ရာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းအဖွဲ့ဝင် တရုတ် ဟောင်ကောင် နိုင်ငံသားတစ်ဦး၊ တိုင်ပေနိုင်ငံသား လေးဦး မြန်မာနိုင်ငံသားလေးဦး စုစုပေါင်း ကိုးဦးကို လက်ရဖမ်းဆီး မိခဲ့ပါတယ်။

အမှုမှာပါဝင်ပတ်သက်နေပြီး တိမ်းရှောင်ထွက်ပြေးနေတဲ့ တရုတ်နိုင်ငံသားတစ်ဦး၊ တိုင်ပေနိုင်ငံသား လေးဦး၊ ထိုင်းနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသား ၁၀ ဦး စုစုပေါင်း ၁၆ ဦးကို သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။