၂ဝ၁၅ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ စံချိန်တင်မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ဖမ်းဆီးခံထား ရသူတွေ၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုမရှိကြောင်း မိသားစုဝင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကုမ္ပဏီဝန်ထမ်းတွေက စွပ်စွဲခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့ အဲဒီအမှုတွေနဲ့ပတ်သက်ပြီး တရားရင် ဆိုင်နေရတဲ့ ကုလားတန်မြစ်ဝှမ်းဒေသ ဖံ့ွဖြိုးတိုးတက်ရေး ကုမ္ပဏီမန်နေဂျာ ဦးဇော်ဇော်မင်း ရဲ့ ဇနီး ဒေါ်အေးကျော့နု က ပြောပါတယ်။
"အမကတော့ အမှန်တရားဘက်ကနေပြီး မားမားမတ်မတ်ရပ်စေချင်တယ်၊ မဟုတ်ဘဲနဲ့ အစွပ်စွဲခံနေရတယ်၊ ဝန်ထမ်းမိသားစုပဲ ခံနေရတာပါ၊ လစာက ၅ လပဲစားခဲ့ရတယ်၊ ကျမဆို ပိုဆိုးတာပေါ့၊ မောင်လေးတစ်ယောက်လည်း ခံနေရတယ်၊ ယောကျ်ားတစ်ယောက်လည်း ခံနေရတယ်၊ ကလေးဆို ငယ်ငယ်လေးပဲရှိသေးတယ်"
ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးထုတ်မှာ မိသားစုဝင်တချို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၂ဝ၁၅ ခုနှစ်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ဘီးပေါက်နေတဲ့ ကုန်တင်ကားတစ်စီးပေါ်က ငွေကျပ် သိန်းပေါင်း တစ်သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိခဲ့သလို ဒဂုံအရှေ့ပိုင်းမြို့နယ်က နေအိမ်တစ်အိမ် မှာလည်း စိတ်ကြွဆေးပြား ၃၈ သိန်းကျော်နဲ့ ICE တွေ၊ မြောက်ဒဂုံမြို့နယ်က နေအိမ်တစ်လုံးမှာလည်း စိတ်ကြွဆေးပြား ၁၅ သိန်းကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့ပါတယ်။
အဲဒီအမှုတွေနဲ့ ပတ်သက်ပြီး ကုလားတန်မြစ်ဝှမ်းဒေသ ဖံ့ွဖြိုးတိုးတက်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက် ဦးမင်းဦးခိုင် အပါအဝင် ၁၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအမှုတွေနဲ့ ကုမ္ပဏီမန်နေဂျာ ဦးဇော်ဇော်မင်း အပါအဝင် ဝန်ထမ်း ၁၃ ယောက်ဟာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမူ၊ ထုတ်လုပ်ဖြန့်ချိမှု၊ အားပေးအားမြောက်ပြုမှုတွေနဲ့ တရားစွဲဆိုခံထားရပြီး တချို့ကို ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ထားတယ်လို့ သိရပါတယ်။
မင်္ဂလာဒုံမှာဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုကိုတော့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ပုဒ်မ ၃ခုနဲ့ ၉ ဦးကို တရားစွဲဆိုထားပြီး အခုထိ အမိန့်မချရသေးပါဘူး။
ကုလားတန်မြစ်ဝှမ်းဒေသ ဖံ့ွဖြိုးတိုးတက်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက် ဦးမင်းဦးခိုင်ဟာ မင်္ဂလာဒုံမှာဖမ်းမိတဲ့ မူးယစ်အမှုတစ်ခုမှာသာ ပါဝင်ပြီး ကျန်တဲ့ ဦးဇော်ဇော်မင်း အပါအဝင် ဝန်ထမ်းတချို့ဟာ အမှု ၄ ခုလုံးမှာ တရားစွဲဆိုခံထားရတာပါ။
ရေလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေသာဖြစ်ပြီး မူးယစ်အမှုနဲ့ ပါဝင်ပတ်သက်တာမရှိဘူးလို့ ကာယကံရှင် မိသားစုဝင်တွေက ပြောကြပါတယ်။