ဝ ဌာနချုပ်မှာ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံ

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ၀ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ဆွေးနွေးနေပါတယ်။

မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကစလို့ ဆက်သွယ် မှုတွေပြတ်တောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆက်ဆွေးနွေးဖို့ ရပ်တန့်ခဲ့တဲ့အတွက် ရှေ့ဆက်သွားနိုင်ဖို့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးထိုင်နေကြတာ ဖြစ်တယ်လို့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချူပ် တာ့ဘုန်းကျော် က RFA ကို အခုလို ပြောဆိုပါတယ်။

"ပန်ဆန်းမှာ အစည်းအဝေး လုပ်နေတယ်၊ အခု ကျနော် အစည်းအဝေး ထိုင်နေတယ်။ ဒီနေ့စတယ်။ အခုတွေ့ဆုံဆွေးနွေးတဲ့ဟာတွေ ရပ်နေတယ်၊ အဲ့ဒါကို ရှေ့ဆက်သွားအောင် ကျနော်တို့ ဘယ်လို လုပ်မလဲ၊ ဒါတချက်၊ ပြီးတော့ ကျနော်တို့ တိုက်ပွဲတွေ တအားပြင်းနေတဲ့ အခြေအနေလည်း နည်းနည်းသုံးသပ်မယ်ထင်တယ်။ ဒါပေမဲ့ အဓိကကတော့ တွေ့ဆုံဆွေးနွေးရေးက ဘယ်လိုရှေ့ ဆက်နိုင်မလဲဆိုတဲ့ဟာ ပြီးတော့ ကျနော်တို့ ဒီဖွဲ့ထားတဲ့ ကော်မတီရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဘယ်လုပ်ငန်းစဉ်တွေ ထပ်ချမလဲ၊ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေ ဘယ်လောက်လုပ်ပြီးလည်း သုံးသပ်တယ်။ ဒီမြန်မာအစိုးရဘက်က ပြောထားတဲ့ဟာ တဖွဲ့ချင်းနဲ့တွေ့မယ်၊ အုပ်စုလိုက်တွေမယ် စသဖြင့် ဘာထပ်ဖြစ်လာမလဲ ဘယ်လိုပုံစံတွေ့ကြမလဲ ဆိုတာ အစည်းအဝေးမှာ ဆွေးနွေးကြမယ်ထင်တယ်။"

ဒီအစည်းအဝေးကို UWSA/KIO/PSLF/MNDAA/SSPP/AA/NDAA စတဲ့ အဖွဲ့ ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တက်ရောက်နေပြီး အစည်းအဝေးကို ဘယ်နှစ်ရက် ကျင်းပသွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ UWSA ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA အဖွဲ့တို့ဟာ ၂၀၁၅ ခုနှစ် မေလမှာ ပထမဆုံးအကြိမ် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ စုစည်းခဲ့ကြပြီးနောက် အစိုးရနဲ့ NCA အခြားလမ်းကြောင်းကနေ ဆက်ဆွေးနွေးကြ ဖို့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တစ်ရပ် ဖွဲ့စည်းထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။