အဖွဲ့အားလုံးလက်မှတ်ထိုးရေး သမ္မတနဲ့ ဆက်ဆွေးနွေးဖို့ တိုင်းရင်းသားတွေ ဆုံးဖြတ်


2015.08.24
eao-meeting-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၄ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်းအဝေး EAOs (Ethnic Armed Organizations Summit)ကျင်းပစဉ်
Photo: Aung Moe Myint/RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေးမူကို ကိုင်စွဲပြီး တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေက သမ္မတ ဦးသိန်းစိန်နဲ့ ဆက်ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်းအဝေး EAOs (Ethnic Armed Organizations Summit) ကနေ ဆုံးဖြတ်လိုက်ပါတယ်။

လေးရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးကနေပြီး တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုးက အခမ်းအနားပိတ်ပွဲမှာ အခုလို ပြောဆိုပါတယ်။

“တစ်ကတော့ ကျနော်တို့ လက်နက်ကိုင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ထိုးမယ့် အဖွဲ့အစည်းကိစ္စမှအပ SD နဲ့ အစိုးရဘက်က UPWC တို့ နှစ်ဘက်သဘောတူညီနိုင်ထားတော့ NCA မူချောနှင့် ဆက်လက်ကိုးကားရမယ့် ဆုံးဖြတ်ချက်နှင့် မှတ်တမ်းများတို့ကို ဒီထိပ်သီးအစည်းအဝေးကနေ တညီတညွတ်တည်း အတည်ပြုနိုင်ခဲ့ပါ တယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ EAO တိုင်းရင်သား ၅ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ SD အဖွဲ့ ခေါင်းဆောင် သုံးဦးတို့အနေနဲ့ အစိုးရ၊ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေနဲ့ NCA အပြီးသတ် ဆွေးနွေး ညှိနှိုင်းနိုင်ရေးအတွက် အစီအစဉ်တွေကို ဒီနေ့ နောက်ဆုံးနေ့ ကျနော်တို့ ထိပ်သီးအစည်းအဝေးပွဲမှာ ညီညီ ညွတ်ညွတ်နဲ့ ချမှတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးအချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းများကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တန်းတူညီတူ ဂုဏ်သိက္ခာရှိရှိ စည်းစည်းလုံးလုံးနဲ့ အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်း ကျနော် နိဂုံးချုပ် ပါတယ်"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT မှာပါဝင်တဲ့ အဖွဲ့ဝင် ၁၆ဖွဲ့နဲ့ ABSDF အပါအဝင် အားလုံး ၁၇ ဖွဲ့လုံး NCA စာချူပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးကို ကိုင်စွဲပြီး ထိပ်သီးခေါင်းဆောင်တွေက သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေးသွားမှာဖြစ်ပေမယ့် ညှိနှိုင်းမရရင် နည်းလမ်း ရှာဖွေပြီး NCA လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

“လမ်းကတော့  အခုက ကျနော်တို့ လက်တွေ့ကျတဲ့ နည်းလမ်းပါပဲ၊ ဘာဖြစ်လည်းဆိုတော့ အခုအဖွဲ့တွေ ကလည်း အနေအထားချင်းမတူဘူး၊ ကျနော်တို့ ယေဘုယျ သိရတာတော့ အစိုးရပါမှ  အစိုးရဘက်မှာကတော့ လက်နက်ကိုင်တပ်ဖွဲ့ရှိပြီးတော့ တိုက်ပွဲဖြစ်နေတဲ့အဖွဲ့၊ အဲဒီထဲမှာမှ သူတိုက မူလက သတ်မှတ်ထားတဲ့ ဆွေးနွေး ပွဲအနေနဲ့ သတ်မှတ်တဲ့အဖွဲ့ ဒီလို နှစ်ပိုင်းရှိနေတယ်၊ လက်နက်ကိုင်တပ်ဖွဲ့ရှိတယ် နောက်ပြီးတော့ လက်နက်ကိုင် တပ်ဖွဲ့ မရှိတဲ့အဖွဲ့တွေရယ် ဒီလို နှစ်ပိုင်းတော့ ရှိနေတာပေါ့နော်၊ ဒါကိုလည်း ဒီအပေါ်မှာမူတည်ပြီးတော့ အစိုးရဘက်က လက်ခံနိုင်တဲ့အနေအထားနဲ့ ကျနော်တို့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ် လက်တွေ့ကျတဲ့ နည်းလမ်းပေါ့နော်"

သမ္မတ ဦးသိန်းစိန် နဲ့ ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက်ကိုတော့ မူလက သြဂုတ်လ ၂၅ ရက်ကနေ ၂၈ ရက်အတွင်းမှာ တွေ့ဆုံဖို့ ပြောဆိုထားပေမယ့် ရက်အတိအကျကိုတော့ နှစ်ဘက်ပြန် လည်ညှိနှိုင်းသွားရအုံးမယ်လို့ ဆက်ပြောပါတယ်။ နေပြည်တော် ဆွေးနွေးပွဲကိုတော့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး  စောမူတူးစေးဖိုး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်လ်တွီ၊ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နာယက ဒုဗိုလ်ချူပ်ကြီး ဆေထင်တို့ အပါအဝင် အဆင့်မြှင့် ညှိနှိုင်းရေးအဖွဲ့က SD ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာနဲ့ ပူးဇင်ကျုံးတို့ သွားရောက်တွေ့ဆုံဆွေးနွေးမှာဖြစ် တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။