ကြိုတင်မဲပေးရာမှာ မသမာမှုတွေ ပေါ်ပေါက်နေ

ခင်မောင်စိုး
2020.11.02

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီ အသက် ၆ဝ ကျော်သူတွေကို ကြိုတင်မဲပေးခွင့်ပြုပြီး မဲလက်မှတ်တွေ ကောက်ခံရယူနေရာမှာ စည်းကမ်းနဲ့မညီမှု၊ မဲမသမာမှုနဲ့ မဲလက်မှတ်ထည့်တဲ့ စာအိတ်မလုံမှုစတာတွေ ပေါ်ပေါက်နေပါတယ်။

ကြိုတင်မဲတွေ ရယူနေရာမှာ လက်ရှိ ပြဿနာတခုကတော့အဲဒီ မဲလက်မှတ်ထည့်တဲ့ စာအိတ်တွေဘေး နှစ်ဖက်က ပွင့်နေတတ်တာ ဖြစ်ပါတယ်။ အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်လင်း က အခုလို ကြိုတင်မဲရယူဖို့ မူလက အစီအစဉ် မရှိဘဲ ကိုဗစ်-၁၉ ဖြစ်ပွားမှုပေါ်လာတဲ့အတွက် ပြီးခဲ့တဲ့လကမှ စီစဉ်ခဲ့တာဖြစ်တယ်၊ ဒါကြောင့် အဲဒီစာအိတ်တွေကို အစိုးရပုံနှိပ်တိုက်က အရေးပေါ်ရိုက်နှိပ်ရတဲ့အခါ အရည်အသွေးကို မစစ်ဆေးနိုင်ခဲ့ဘူး၊ ဒါပေမယ့် ဒီကိစ္စကို သူတို့ ကော်မရှင်ဝန်ထမ်းတွေက မသမာမှုမဖြစ်ရအောင် ဆောင်ရွက်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

“အဲဒီမဲလက်မှတ် နဲ့ စာအိတ်ကို ကော်ကွာနေလို့ဆိုပြီး မဲပုံးထဲထည့်တဲ့အခါကျတော့ တချို့မဲဆန္ဒရှင်တွေက ကန့်ကွက်လို့ အဲဒါတွေကို ကော်မရှင်ရုံးကိုယူလာပြီးတော့မှ  အသိသက်သေတွေရှေ့မှာ ပြန်ဖြည်ပြီး ကော်ကပ်ပြီးမှ  ကော်မရှင်မှာထားရှိတဲ့  လော့လုပ်ထားတဲ့ စာအိတ်ထဲကို ပြန်ထည့်ရတာတွေရှိတယ်”


ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေ အချိန်လုဆောင်ရွက်ခဲ့တဲ့အတွက် ကျွမ်းကျင်တိကျမှု အားနည်းချက်တွေရှိခဲ့တယ်။ ဥပမာ ရပ်ကွက်ထဲကို ကြိုတင်မဲယူဖို့သွားကြတဲ့အခါ သော့ခတ်ထားတဲ့ မဲပုံးကို ယူမသွားမိတာမျိုး ဖြစ်တယ်လို့လည်း ဦးကျော်လင်း ကပြောပါတယ်။

“ယာယီမဲပုံးတွေကို ရပ်ကွက်ထဲလှည့် သယ်တဲ့အခါကျတော့ proper lock ချတဲ့ မဲပုံးကကျတော့ ကော်မရှင်ရုံးမှာ ထားခဲ့တယ်။ ရပ်ကွက်ထဲလှည့်တာကိုကျတော့  ပလပ်စတစ်ကြိုးနဲ့ချည်ပြီး သွားတာပေါ့။ အဲဒါကို တချို့ မဲဆန္ဒရှင်တွေက ကွန်ပလိန်းလုပ်တယ်။ နောက်တခုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အဲဒီမဲလက်မှတ်တွေကို သူ့ရဲ့သက်ဆိုင်ရာ စာအိတ်တွေထဲ အသီးသီးထည့်ပြီး စာအိတ်ကြီးထဲ ထည့်ရတယ်။ အဲဒီအချိန်မှာ တချို့ ကော်မရှင်ဝင်တွေက စာအိတ်တွေထဲကို မဲလက်မှတ်ထည့်ဖို့ အချိန်မရှိတော့ ရပ်ကွက်ထဲကို လှည့်လည်ပြီး ဆန္ဒကောက်တဲ့အခါကျတော့ စာအိတ်ထဲကို မထည့်ထားတဲ့အတွက် မဲလက်မှတ်တွေကို မဲဆန္ဒရှင်လက်ထဲ တိုက်ရိုက်ထည့်လိုက်တဲ့အခါကျတော့ သာမာန်မြန်မာလူမျိုးတယောက်ဆိုရင် မဲ သုံးမျိုးထည့်ရတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ဆိုပြီးတော့။ အဲဒီအခါ မဲဆန္ဒရှင်က မဲကို တံဆိပ်တုံးထုလိုက်ပြီးတော့ သူ အဆင်ပြေတဲ့ စာအိပ်ထဲထည့်လိုက်တယ်။ သူပေးတာက အမျိုးသားလွှတ်တော် ဒါပေမယ့် သူထည့်လိုက်တာက ပြည်သူ့လွှတ်တော်။ မှားပြီးတော့ ထည့်တာမျိုးရှိတယ်”

လက်ရှိကြိုတင်မဲတွေ ကောက်ခံရာမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရန်ကုန်တိုင်းလှည်းကူးမြို့နယ်၊ မွန်ပြည်နယ် ပေါင်မြို့နယ်တွေမှာလည်း တံဆိပ်တုံးအတုသုံးမှုတွေရှိခဲ့သလို မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း ရပ်ကွက်ကျေးရွာအဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေက မသမာမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ပါတယ်။

NLD ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင်က အခုဖြစ်နေတဲ့ ပြဿနာတွေအတွက် ကော်မရှင်မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“မဲပေးဖို့ နမူနာပြဖို့ပေးတဲ့ တံဆိပ်တုံးတွေကို ယူလာပြီး သူတို့ ရိုက်ကြတယ်ပြောတယ်။ မိတဲ့သူလည်း မိပေါ့။ နောက်တခုက မဲကဒ်ပြားထည့်တဲ့ စာအိတ်၊ ဒီ စာအိတ်ကလည်း ပြသနာပဲ။ အခုတော့ ဒီစာအိတ်ပြသနာက သိပ်မရှိပြန်ဘူး။ အဓိက က တံဆိပ်တုံးအတု  ပြဿနာပဲ။ ကော်မရှင်ရဲ့ စီမံခန့်ခွဲမှု အားနည်းချက်လို့ပဲ ကျနော်မြင်တယ်။ ကျနော်သိသလောက် ရပ်ကျေးကော်မရှင် နဲ့ မြို့နယ်ကော်မရှင်မှာ အရင်အစိုးရလက်ထက် ကော်မရှင်က လူဟောင်းတွေပါလာတယ်။ သူတို့က ဘက်လိုက်ပြီးလုပ်တာမျိုးတွေ တွေ့လာရတယ်လို့ ကျနော် အဲလိုပဲ ကြားတယ်”

USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကတော့ လက်ရှိမှာ ကြိုတင်မဲကိစ္စအတွက် သူတို့ပါတီအပေါ် အပြစ်တင်မှုတွေကို ငြင်းဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှာသာ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နဂိုကတည်းက  ကျနော်တို့ပါတီအပါအဝင် နိုင်ငံရေးပါတီအများစု နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေပါ စိုးရိမ်မှုတွေရှိတယ်။အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ မေးခွန်းတွေ ထုတ်နေကြတာပေါ့နော်။ အခုကျတော့ တကယ် ရွေးကောက်ပွဲကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေထွက်လာရော UEC ရဲ့ ကြိုတင်စဉ်းစားစီမံဆောင်ရွက်မှု အားနည်းချက်တွေက တောက်လျှောက်ပေါ်လာတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က တော်တော်မေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်တယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းမှာကို မြို့နယ်အလ်ိုက်မှာကို UEC ကို ကန့်ကွက်တဲ့စာတွေ နေ့တိုင်း ၃-၄ စောင် တင်နေရတဲ့ဘဝ ရောက်နေတယ်။ မဲမသမာမှုနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ကတော့ ပြည်ခိုင်ဖြိုးပါတီက ဘာမှမလုပ်ရသေးဘူး။  တဖက်ကကြိုတင်စွပ်စွဲမှုတွေက လော်ဘီက လုံးဝလုပ်နေပြီ။ ဒါတွေက လုံးဝမဟုတ်ဘူးလို့ ငြင်းချင်တယ်”

အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးကျော်လင်းက လက်ရှိ ကြိုတင်မဲယူဖို့သွားရောက်ကြရာမှာ သူတို့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့အတူ သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်တွေ ရပ်ကွက်ကိုယ်စားလှယ်တွေအပြင် အထူးရဲတွေလည်း လိုက်ပါကြတဲ့အတွက် လုံလောက်ပြီဖြစ်ပေမယ့် ရပ်ကွက်အတွင်း ရောက်တဲ့အခါ  မလှမ်းမကမ်းက စောင့်ကြည့်နေတဲ့ နိုင်ငံရေးပါတီဝင်တွေက စည်းကမ်းမဲ့ ဝင်ရောက်ကန့်ကွက် စွက်ဖက်တာတွေ ကြုံရတယ်လို့ ဆိုပါတယ်။

အင်းစိန်မြို့နယ်မှာတော့ တံဆိပ်တုံးအတုပြဿနာ မရှိဘူးလို့လည်း သူက ပြောပါတယ်။ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

---------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။