အမျိုးသား ပညာရေးဥပဒေ ကို တောင်ငူမှာ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြ


2014.11.29
education-bill-protest-mdy-305.jpg မန္တလေးမြို့မှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ဗကသကျောင်း သားတွေ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက် က အမျိုးသား ပညာရေးဥပဒေကို ဒီကနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်း အဝေးကနေ ထွက်ပေါ်လာတဲ့ အချက်တွေထဲက အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ဆိုတဲ့ အချက်ကို တောင်းဆိုတာဖြစ်ကြောင်း မိတ္တီလာခရိုင် ဗ.က.သ များ အဖွဲ့ချုပ်ဥက္ကဌ ကိုအောင်နေပိုင် က ပြောပါတယ်။

"တောင်းဆိုတဲ့အချက်တွေကတော့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်း အဝေး ကနေ ထွက်ပေါ်လာတဲ့ ၆ ချက်ရှိတယ် ၊ ပြင်ဆင်သင့် တဲ့အချက်တွေကလည်း NNER လို့ခေါ်တဲ့ နိုင်ငံလုံး ဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက် ကနေပြီးတော့ ပြုပြင်ရမယ့်အချက်တွေ ပြောထားတယ်၊ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရမယ်တော့၊ ဘတ်ဂျက်ကို အတိအလင်းထည့်ရမယ်တို့၊ မသန်စွမ်းတဲ့လူတွေလည်း ပညာသင်ယူခွင့်ရနိုင်အောင် အတိ အလင်းဖော်ပြထားရမယ်တို့ ဒီအချက်တွေမပါရင် အမျိုးသားပညာရေးဥပဒေက ပြည့်စုံတဲ့ဥပဒေမဟုတ်ဘူးဆိုတာ ကျနော်တို့ တင်ပြထားပြီးပြီ"

ကျောင်းသားတွေက ဆန္ဒပြဖို့အတွက်ကို သက်ဆိုင်ရာတွေကို ခွင့်ပြုမိန့်တင်ထားတာမရှိတာကြောင့် တောင်ငူမြို့ နယ် ထွေအုပ်ဦးစီးမှူးက ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ယူပြီး ခွင့်ပြုမိန့်တင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက ခွင့်ပြုမိန့်မတင်ပဲ ဒီကနေ့ ဆန္ဒပြခဲ့တာကြောင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက လာရောက်တားမြစ်ခဲ့တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေက တောင်ငူမြို့ကို တစ်ပတ်ပတ်ပြီး အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး တောင်ငူမြို့ ရွှေဆံတော်ဘုရားကြီးမှာလည်း ဆုတောင်း မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မန္တလေးမြို့မှာ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။