အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေကြ တဲ့ ကျောင်းသား ကျောင်းသူ တွေရဲ့ သပိတ် စစ်ကြောင်းတွေကို ကြိုဆိုထောက်ခံကြောင်း ဒီနေ့ ရန်ကုန်မြို့ မှာ မရမ်းကုန်မြို့နယ်ကနေ စမ်းချောင်း မြို့နယ်အထိ လူအင်အား ၃၀၀ ကျော် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေကို အင်အားပြ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် ထောက်ခံကြောင်း ဆန္ဒပြတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် မမေမြတ်နိုးဦး က ပြောပါတယ်။
" ကျောင်းသားတွေကို အကြမ်းဖက်မယ်ဆိုတဲ့ သတင်းတွေ၊ ရဲတပ်ဖွဲ့တွေအင်အား ပြပြီးတော့မှ ခြိမ်းခြောက်နေတဲ့ တခြားနယ်တွေက ပဲခူး၊ နောက် ဧရာဝတီတိုင်းကလာတဲ့သူတွေကို အင်အားပြ ပြီးတော့မှ ခြိမ်းခြောက်နေတဲ့လုပ်ရပ်တွေ အများကြီးရှိနေပါတယ်၊ အဲ့ဒီအတွက် ကျမတို့ရန်ကုန်ကကျောင်း သားတွေ ပြည်သူတွေက သပိတ်မှောက်စစ်ကြောင်းတွေနဲ့အတူတူရှိနေပါတယ်၊ ကျမတို့ထောက်ခံတယ် ဆိုတာပြချင်တဲ့အတွက်ဆန္ဒပြ တာဖြစ်ပါတယ်"
အဲ့ဒီဆန္ဒပြပွဲမှာ ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့အတူ အလုပ်သမားအဖွဲ့တွေလည်း ပူးပေါင်း ပါဝင်ကြပါတယ်။
တစ်ဖက်မှာလည်း သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေကို ကန့်ကွက်တဲ့ အနေနဲ့ လူအင်အား တစ်ထောင်နီးပါး က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ လူထုဟစ်တိုင်မှာ တန်ပြန်ဆန္ဒပြခဲ့ကြပါတယ်။