သယံဇာတတူးဖော်မှု ပွင့်လင်းမြင်သာရေး စစ်တွေမြို့မှာ ဆွေးနွေး


2014.01.19

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေကို စောင့်ကြည့်ပြီး ဒေသခံတွေကို ပြန်လည်ရှင်းပြမယ့် "ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ " ဖွဲ့စည်းဖို့ မြို့နယ် ၁၇ မြို့နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

EITI လို့ခေါ်တဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ တူးဖော်မှုမှာ ပွင့်လင်းမြင်သာမှုရှိရေး ကိစ္စနဲ့ပတ်သက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကနေ "ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတအရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ " ဖွဲ့စည်းမှာဖြစ်တယ်လို့ အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူ ကိုခိုင်ကောင်းစံက ပြောပါတယ်။

“ကျနော်တို့က ရခိုင်ဒေသမှာ စီမံကိန်းလုပ်ငန်းတွေလုပ်ပြီဆိုရင် ဒေသခံတွေရဲ့ ဆိုးကျိုးတွေ ဘာတွေရှိမလဲ၊ ရလာဒ်တွေက ဘာတွေရှိမလဲ၊ အဲလိုမျိုးနစ်နာမှုတွေကို ကျနော်တို့အစိုးရရဲ့ တခါတခါစီမံကိန်းဆိုပြီးဖိတ်ခေါ်တဲ့ လွဲမှားမှုတွေမှာ ဆိုးကျိုးတွေဖြစ်လာလို့ရှိရင် ဘယ်လိုဝိုင်းဝန်းကာကွယ်ကြမလဲ၊ လုပ်ဆောင်မှုတွေကို ကျနော်တို့ဒေသခံတွေကို ချပြဖို့အတွက် လုပ်ငန်းအဖွဲ့ ဖွဲ့သွားမှာပါ”

သက်ဆိုင်ရာ မြို့နယ်အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ မိမိတို့ဒေသက သယံဇာတတွေ ထုတ်ယူနေမှုအပေါ်မှာ ဒေသခံတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေမှုတွေကို တင်ပြဆွေးနွေးကြပြီး မနက်ဖြန် အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးတဲ့အချိန်မှာ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ကိုခိုင်ကောင်းစံက ပြောပါတယ်။

အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းမှာဖွဲ့စည်းထားတဲ့ Multi State Holder Group က ဦးဆောင်ကျင်းပတာဖြစ်ပြီး မြို့နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ခဲ့ပြီး အခြားအရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။