ရွေးကောက်ပွဲကို ၂ဝ၂ဝ နိုဝင်ဘာမှာ ကျင်းပမှာ သေချာကြောင်း ကော်မရှင်ပြော

လာမယ့်အထွေထွေရွေးကောက်ပွဲကို အရင်ရွေးကောက်ပွဲတွေနည်းတူ ပုံမှန်ကျင်းပနေကျဖြစ်တဲ့ နိုဝင်ဘာလထဲမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၄ရက် ဒီနေ့ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ ရက် အတိအကျ မထုတ်ပြန်သေးတဲ့အပေါ် ဝေဖန်မှုတချို့ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်တဲ့အပေါ်မူတည်ပြီး လာမယ့်အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို သတ်မှတ်ကြေညာပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဇွန် ၂ရက်နေ့မှာ ကော်မရှင်အဖွဲ့ဝင်တွေကို ပြောခဲ့ပေမယ့် ဒီနေ့ ဇွန် ၄ရက်နေ့မှာ သတင်းမီဒီယာတချို့နဲ့ တွေ့ဆုံရာမှာတော့ ပုံမှန်ကျင်းပနေကျဖြစ်တဲ့ နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲကို ဖြစ်အောင်ကျင်းပသွားမယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောလိုက်တာပါ။

"အခုချိန်မှာ ကျွန်တော်တို့ မပြောင်းလဲသေးဘူး။ ကိုဗစ်ကိုလည်း ထိန်းချုပ်နိုင်သေးတာပေါ့။ လကလည်း လိုသေးတယ်။ ကျင်းပမယ့်ရက်ကလည်း လိုသေးတာဆိုတော့ နဂို ကျွန်တော်တို့ ပြောခဲ့တဲ့အတိုင်းပဲ ပြောင်းလဲမှုမရှိသေးပါဘူး။"

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေနဲ့ ဆန္ဒမဲပေးရမယ့် လုပ်ငန်းစဉ်တွေကိုတော့ ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ထားတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေနဲ့ ဝ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ အခြေအနေကို တိုင်ပင်ဆွေးနွေးနေတယ်လို့ ဦးမြင့်နိုင် က ပြောပါတယ်။

“ရခိုင်ကိစ္စတို့၊ ၀ ကိစ္စတို့ အဲဒီတွေမှာတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနတွေပေါ့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ ကာကွယ်ရေးဝန်ကြီးဌာနတို့၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့နဲ့ မေးမြန်းထားတယ်။ သူတို့ဆီက ပြန်ကျမလာ သေးဘူး။”

လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး အဲဒီထဲမှာ တပ်မတော်သားမိသားစုဝင်တွေရဲ့ ဆန္ဒမဲအရေအတွက်တော့ မပါသေးပါဘူး။ ကော်မရှင်က တပ်မတော်သားမိသားစုဝင်တွေရဲ့ ဆန္ဒမဲစာရင်းကို ကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲရက်ကို တိတိကျကျ မကြေညာသေးတဲ့အတွက် နိုင်ငံရေးပါတီခေါင်းဆောင်တချို့က ဝေဖန်နေ ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရက်ကိုကပ်ပြီး ကြေညာတာဟာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ပြင်ဆင်ရတဲ့ ကာလနည်းသွားပြီး လက်ရှိအနိုင်ရပါတီကပဲ အသာစီးရအောင်လုပ်သလို ဖြစ်နေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

"ကပ်ပြီးကြေညာခြင်းအားဖြင့် လုပ်ရတဲ့နိုင်ငံရေးပါတီတွေ လုပ်ရတဲ့ရက်တိုသွားတယ်၊ အနိုင်ရပါတီအနေနဲ့ နည်းအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ သူတို့တွေ သွားလာလှုပ်ရှားလို့ရတဲ့ အခွင့်အရေးရတဲ့အတွက် ဒီလို ရွေးကောက်ပွဲနီးမှ ကြေညာတာမျိုးသည် အာဏာရပါတီကို အသာစီးရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ် မျိုးဖြစ်တယ်လို့ ကျနော်ဒီလိုမျိုးပြောရမှာဖြစ်ပါတယ်"


ရွေးကောက်ပွဲနေ့ကို ပြတ်ပြတ်သားသား ပွင့်လင်းမြင်သာစွာ ကြေညာသင့်ပြီလို့လည်း သူက ပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးအဖွဲ့က မုံရွာအောင်ရှင်ကတော့ ကော်မရှင်က အနိုင်ရပါတီကို အသာစီးရအောင် လုပ်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

"ရွေးကောက်ပွဲကို နောက်ဆုတ်ဟာ အနိုင်ရပါတီကို အနိုင်ရအောင် အထောက်အကူဖြစ်အောင်လုပ်တယ် ဆိုတာတော့ ကျနော်လက်မခံဘူး၊ NLD ပါတီဟာ ရွေးကောက်ပွဲကို ဘယ်ချိန်ပဲလုပ်လုပ် အဆင့်သင့်ဖြစ် ပြီးသားလို့ ပြောချင်ပါတယ်"

ရွေးကောက်ပွဲရက် သတ်မှတ်မယ့်ကိစ္စကို နိုင်ငံရေးပါတီတွေအပါအဝင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည် သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သတ်မှတ်သင့်တယ်လို့လည်း နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့တွေက လိုလားနေကြပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့်ပါတီတွေရဲ့ သဘောတူညီချက် ရယူသင့်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"နိုင်ငံရေးပါတီတွေနဲ့လည်း သဘောတူညီချက်ရယူသင့်တယ်၊ ဘယ်တော့လုပ်မလဲဆိုတာကိုလေ၊ ကော်မရှင် တဖွဲ့ထဲကနေ ဆန်းစစ်တာမျိုးက ကော်မရှင်အတွက် အန္တရာယ်ကြီးတယ်၊ ခုလောလောဆယ်လည်း ကော်မ ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကရှိနေတဲ့အခါမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ မတိုင်ပင်ဘဲ နဲ့ ဒီဟာမျိုးဆုံးဖြတ်မယ်ဆိုရင် ကော်မရှင်ကို ပြောစရာတွေဖြစ်လာမယ်"

ပါတီတွေ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ကော်မရှင်ကတော့ တွေ့ဆုံဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာ ၇ ရက်နေ့မှာကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ နှစ်လနဲ့ ၂၄ ရက် အလိုမှာ ကြေညာခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ကာ ရွေးကောက်ပွဲမကျင်းပမီ လေးလအလိုမှာ ကြေညာခဲ့တာပါ။ လာမယ့်ရွေးကောက်ပွဲအပေါ် ရန်ကုန် နဲ့ မန္တလေးမြို့မှာ နေထိုင်သူတချို့က စိတ်ဝင်စားကြပါတယ်။

ရန်ကုန်မြို့ခံ ဒေါ်အေးအေးဝင်းက ရွေးကောက်ပွဲကို စိတ်ဝင်စားကြောင်းနဲ့ အပြောင်းအလဲတစ်ခုဖြစ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက်တော့ ဒီရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းတယ်လို့ ပြောပါတယ်။

"ကြားထဲမှာ ကမောက်ကမဖြစ်စရာတွေမရှိရင် သူဟာ သူပုံမှန်နိုဝင်ဘာထဲမှာပဲ ဖြစ်သွားမယ်ထင်တော့ အရမ်းကြီးစိတ်မပူဘူး၊ ဖြစ်သွားမယ်လို့ထင်တယ်၊ သူတို့လည်း ကြေညာဖို့ဆိုတာကတော့ ကိုဗစ် အခြေ အနေကို စောင့်ကြည်ရမှာပေါ့ အဲတာမသေချာပဲနဲ့တော့ သူတို့ကြေညာဖို့ ခက်ဦးမယ်ထင်တယ်၊ ရက်ဆိုတာက ခဏခဏရွှေ့လိုကောင်းတဲ့အရာ မဟုတ်ဘူးလေ၊ သူတို့စောင့်တယ်ဆိုတာ လက်တွေ့ကျတယ်ထင်တယ်"

မန္တလေးမြို့ခံ ကိုစံယုကျော်ကလည်း နောက်အစိုးရသစ်နဲ့ ဥပဒေပြုမဏ္ဍိုင်အတွက် ကိုယ်စားလှယ်အသစ်တွေကို ရွေးချယ်ပေးရတာဖြစ်တာကြောင့် မဲပေးဖို့ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရက်နီးမှ ကြေညာမယ်ဆိုရင် နိုင်ငံရေးပါတီတွေ လုပ်ရကိုင်ရခက်သွားပြီး ပြောစရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ကိုစန်းယုကျော် က သူ့အမြင်ကို ပြောပါတယ်။

"ကိုဗစ်သည် ဘာမှအစိုးမရဘူး၊ မသိကိန်းဖြစ်တယ်၊ ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်၊ ဒါပေမဲ့ ကိုဗစ်ကြောင့်မို အကျပ်အတည်းနဲ့မို့ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရမယ့် အခြေအနေတွေ၊ လုပ်ရမယ်အခြေအနေတွေ၊ နည်းသွားမယ်ဆိုရင်တော့ ရွေးကောက်ပွဲ က ပြီးသာပြီးသွားမယ် အများပြောစရာဖြစ်မယ်လို့မြင်တယ်"

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲကို ဘယ်နေ့ကျင်းပမယ့်ဆိုတာ မသိသေးပေမယ့် နိုင်ငံရေးပါတီတချို့ ကတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေပါပြီ။

ကိုရိုနာဗိုင်းရပ် ကာကွယ်ထိန်းချုပ်ရေးဥပဒေတွေ ထုတ်ပြန်ထားတဲ့ကာလအတောအတွင်းမှာ နိုင်ငံရေးပါတီတွေ ဘက်က ကြိုတင်ပြင်ဆင်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို အမြန်ဆုံး သတ်မှတ်ကြေညာပေးဖို့ မျှော်လင့်နေကြပါတယ်။