နွေရာသီကာလ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၂၄၀၀ ကျော်ရှိပြီး လိုအပ်တဲ့ မဂ္ဂါဝပ် ၃၀၀ နီးပါးကို ထပ်တိုးရရှိအောင် ဆောင်ရွက်နေကြောင်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
လိုနေတဲ့ လျပ်စစ်ဓါတ်အားတွေကို ဖြည့်ဆီးပေးနိုင်ဖို့ သက်ဆိုင်ရာ ဓါတ်အားပေးစက်ရုံတွေက ထုတ်လုပ်ဖို့ စီစဉ်နေတာကို ဝန်ကြီး ဦးဖေဇင်ထွန်း က အခုလို ရှင်းပြပါတယ်။
"၂ဝ၁၆ နွေရာသီကာလမှာ ဓါတ်အားစနစ်အတွင်း လျှပ်စစ်ဓါတ်အားလိုအပ်ချက် တွက်ချက်တဲ့အခါကျတော့ ၂၇၉ဝ မဂ္ဂါဝပ် ဖြစ်တဲ့အတွက် ထုတ်လုပ်နိုင်မှုထက် ၂၈ဝ မဂ္ဂါဝပ်ခန့် ထပ်မံလိုအပ်မယ်လို့ တွက်ချက်ခန့်မှန်း ရရှိပါတယ်"
အယ်လ်နီညိုရာသီဥတု ရင်ဆိုင်နေရတဲ့ နွေရာသီကာလအတွက် လျှပ်စစ်ဓါတ်အား မပြတ်တောက်အောင် ဘယ်လိုအစီအမံတွေ ဆောင်ရွက်နေလဲလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်အေးက မေးမြန်းရာမှာ ဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကို ၆၀ ရာခိုင်နှုန်းကျော် မှီခိုနေရကြောင်း၊ နှစ်စဉ် နွေရာသီရောက်တဲ့အခါ ဆည်တွေမှာ ရေလျော့နည်းမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ အယ်လ်နီညို သက်ရောက်ချိန်မှာ အရင်ထက်ပိုပြီး ရေလျော့နည်းဆုံးရှုံးမှု ပိုဖြစ်နိုင်တဲ့အတွက် အခုလိုမေးမြန်းတာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစစ်အေးက ပြောခဲ့ပါတယ်။
ဒါ့အပြင် မဟာဓါတ်အားလိုင်း၊ ပင်မ ဓာတ်အားလိုင်းနဲ့ ဆက်စပ်ဓာတ်အားလိုင်းတွေကို ထိန်းသိမ်းပြုပြင်နေကြောင်း လည်း ဖြေကြားခဲ့ပါတယ်။
