ဧပြီလအတွက် လျှပ်စစ်မီတာခ လျှော့ချပေးမှုကို တနင်္သာရီဒေသခံတို့လည်း ရရှိလို

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်တဲ့ကာလ အလုပ်အကိုင်ပျက်ပြီး ဝင်ငွေထိခိုက်တဲ့ အခြေအနေကြောင့် အစိုးရက ဧပြီလအတွင်း ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ ကို အခမဲ့ သုံးခွင့်ပြုကြောင်း ကြေညာရာမှာ ပုဂ္ဂလိက လျှပ်စစ်ဓာတ် အားကိုသာ အားကိုးနေရတဲ့ တနင်္သာရီတိုင်း မြို့နယ်အများအပြားကတော့ ဒီအခွင့်အရေးရဖို့ မသေချာဘူးလို့ ပြောကြပါတယ်။

တနင်္သာရီတိုင်းက ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့တွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေ ဝန်ဆောင်မှုပေးတဲ့ လျှပ်စစ်ဓာတ်အားကိုပဲ ဈေးကြီးကြီးပေးပြီး သုံးစွဲနေရတာကြောင့် တနင်္သာရီတိုင်းအတွင်းက ပြည်သူတွေ အတွက်လည်း ပါဝင်စေချင်နေကြတာဖြစ်ပါတယ်။

ထားဝယ်ခရိုင်မှာ ဓာတ်အားခ တစ်ယူနစ်ကို ကျပ် ၃၀၀ ဝန်းကျင်၊ မြိတ်နဲ့ ကော့သောင်း ခရိုင်တွေမှာ တစ်ယူနစ်ကို ကျပ်လေးရာကျော် ပေးသွင်းပြီး သုံးစွဲနေရတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်သူတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက် ဒီလအတွင်း အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်အောက်ကို အခမဲ့ပေးသွားမယ်လို့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှာ ကြေညာထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ပုဂ္ဂလိကလျှပ်စစ်မီးကို သုံးစွဲနေရတဲ့ မြန်မာပြည်တောင်းပိုင်းအတွက်လည်း အကျုံးဝင်သင့် တယ်လို့ ထားဝယ်မြို့ခံ ဦးသန်းဝင်းက ပြောပါတယ်။

"အဲဒီထုတ်ပြန်ချက်ကို ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ တနင်္သာရီတိုင်းအတွက်ဆိုရင် ဒါဟာ မျှော်လင့်စရာမရှိဘူး။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိကက ပေးနေတာဖြစ်လို့။ တကယ်တမ်းကျတော့ အဲဒီထုတ်ပြန်ချက်က တစ်နိုင်လုံး ထုတ်ပြန်လိုက်တာလေ။ ဒါပေမဲ့ နိုင်ငံထဲမှာ လျှပ်စစ်ဈေးကြီးကြီးပေးသုံးနေရသူတွေကို ကိုယ်ချင်းစာပေးဖို့ ပြောချင်ပါတယ်"

မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးအောင်နိုင်ဦးက တနင်္သာရီတိုင်း ဒေသခံတွေလည်း ဒီလိုအခွင့်အရေးမျိုး ရသင့်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့လည်း နိုင်ငံတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် မီတာခ တစ်ယူနစ် ၁၅၀ အောက် အားလုံး အခမဲ့ပေးမယ်ဆိုတဲ့ အခွင့်အရေးမျိုးကို ကျွန်တော်တို့လည်း လိုချင်ပါတယ်။ တနင်္သာရီတိုင်းမှာ အဲဒီလို ခံစားခွင့်ရဖို့က မသေချာဘူး။ ဒါပေမဲ့ အစိုးရအနေနဲ့ အကောင်းဆုံး စေ့စပ်ညှိနှိုင်းဆွေးနွေးပေးနိုင်ပြီးတော့ ကျော်လွှားနိုင်ရင် တိုင်းဒေသကြီးအစိုးရကို ဂုဏ်ယူကြောင်း ပြည်သူတစ်ယောက်အနေနဲ့ ပြောမှာပါ"

ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းရှင်တွေနဲ့ တိုင်းအစိုးရ တွေ့ဆုံညှိနှိုင်းပြီး တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

"ပြဿနာက ပုဂ္ဂလိက မီးလင်းရေးအစီအစဉ်တွေဖြစ်တဲ့အခါကျတော့ အစိုးရအနေနဲ့ ပုဂ္ဂလိက မီးလင်းရေး လုပ်ငန်းတွေနဲ့ တွေ့ဆုံပြီး မီတာခလျော့နည်းရေး ပြည်ထောင်စုနယ်မြေတွေမှာလို မဟုတ်တောင်မှ ဈေးလျှော့တာ၊ ကုန်ကျစရိတ်ကို အစိုးရဘက်က ကျခံတာတို့ တစ်ခုခု တုံ့ပြန်လို့ ရနိုင်တယ်လို့ ထင်ပါတယ်။ တုံ့ပြန်မယ်လို့လည်း ယုံကြည်ပါတယ်။ လောလောဆယ် အသေးစိတ်ကိုတော့ မသိသေးဘူး။ ဖြစ်အောင်တော့ လွှတ်တော် အပိုင်းကနေလည်း အစိုးရကို တိုက်တွန်းသွားပါမယ်"

တနင်္သာရီတိုင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရကတော့ ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တိတိကျကျ တုံ့ပြန်ဖို့ အခြေအနေ မပေးသေးဘူးလို့ ပြောပါတယ်။

"ဒါကိုတော့ လောလောဆယ် မပြောနိုင်သေးဘူး။ ဝန်ကြီးချုပ် နေပြည်တော်က ပြန်လာမှပဲ ပြောလို့ရမှာ။ ပြောပိုင်ခွင့်လည်း မရှိသေးဘူး။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ပြန်လာမှပဲ ကျွန်တော်တို့ တစ်ခုခု ထုတ်ပြန်ပေးမယ်"

သဘာဝဓာတ်ငွေ့ထွက်တဲ့ ကမ်းရိုးတမ်းတိုင်းဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီးဟာ မဟာဓာတ်အားလိုင်း မရရှိသေးဘဲ ပြည်ထောင်စုအစိုးရကပေးတဲ့ သဘာဝဓာတ်ငွေ့လည်း ပမာဏ အများအပြား မရတာကြောင့် ဓာတ်အားလုံလောက်ခြင်း မရှိပါဘူး။

ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ လျှပ်စစ်ဓာတ်အား တည်ငြိမ်မှု မရှိတာနဲ့ ရင်ဆိုင်နေရတဲ့ ထားဝယ်ခရိုင်ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ်တွေက လျှပ်စစ်မီတာခ လျှော့ချရေး၊ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တနင်္သာရီတိုင်းက မြို့အများအပြားမှာ ပုဂ္ဂလိက မီးလင်းရေးကုမ္ပဏီတွေက ဂတ်စ်အင်ဂျင်တွေနဲ့ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှု ပေးနေပါတယ်။