Eleven သတင်းသမား ၃ ဦးကို ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲတာကို ကန့်ကွက်


2018.10.12
eleven-editors-622.JPG တာမွေမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံတဲ့ Eleven မီဒီယာက သတင်းသမား သုံးဦးကို ၂၀၁၈ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

Eleven သတင်းဌာနက သတင်းသမား ၃ ဦးကို သတင်းမီဒီယာဥပဒေတွေနဲ့ မဟုတ်ဘဲ အခြားဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြေညာချက်ထုတ်လိုက်ပါတယ်။

Eleven သတင်းဌာနက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်တာဟာ နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေကြောင်းလည်း သတင်းမီဒီယာကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီကိုသာ တိုင်းကြားသင့်ကြောင်းလည်း ကောင်စီက အကြံပြုထားတာကို တွေ့ရပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Fortify Rights အဖွဲ့ကလည်း Eleven သတင်းဌာနက သတင်းသမား ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်တာဟာ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ရေးသားခွင့်ကို ထိခိုက်စေကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အလားတူ Pen Myanmar အဖွဲ့ကလည်း သတင်းနဲ့ သတင်းဆောင်းပါးတွေကြောင့် အစိုးရအဖွဲ့က နစ်နာမှုဖြစ်စေ တယ်လို့ယူဆရင် သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၁ နဲ့သာ အရေးယူပေးဖို့ အရင်ဆုံးလုပ်ဆောင်သင့်ကြောင်း ကိုလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သတင်းသမားတွေကို ချက်ချင်းဖမ်းဆီးချုပ်နှောင်နိုင်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲတာတွေဟာ လုပ်ထုံးလုပ်နည်း လွဲမှားနေတဲ့အပြင် နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်းလည်း Pen Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။