Eleven က ရန်ကုန်တိုင်းအစိုးရကို မတောင်းပန်နိုင်ကြောင်း ပြော

0:00 / 0:00


ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရကို မတောင်း ပန်နိုင်ကြောင်း Eleven သတင်းဌာနက တရားစွဲဆိုခံခဲ့ရတဲ့ သတင်းထောက်တွေက ပြောလိုက်ပါတယ်။

Eleven သတင်းဌာနက ဆောင်းပါးရှင်နဲ့ အယ်ဒီတာအပါအဝင် စုစုပေါင်း သတင်းသမား ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုထားတာကို ရန်ကုန်တိုင်းအစိုးရက အမှုရုပ်သိမ်းပေး ခဲ့ပေမယ့် သတင်းဆောင်းပါးပါ အချက်အလက်တစ်ခုက မှားယွင်းနေတဲ့အတွက် တောင်းပန်ဖို့ ရန်ကုန်တိုင်းအစိုးရ က တောင်းဆိုထားတဲ့အပေါ် Eleven သတင်းဌာနက ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက အမှုရုပ်သိမ်းပေးတာကို Eleven သတင်းဌာနအနေနဲ့ ကြိုဆိုပေမယ့် မှားယွင်းတဲ့အချက် အလက်ပေါ်မူတည်ပြီး ရေးတာမဟုတ်တဲ့အတွက် အစိုးရဘက်ကတောင်းဆိုသလို တောင်းပန်ဖို့ မရှိကြောင်း တရားစွဲဆိုခံခဲ့ရတဲ့ Eleven သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဇောလင်း က RFA ကိုပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်မှာ ရေးသားဖော်ပြခဲ့တဲ့ "အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်များ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာပါရှိတဲ့ အချက်အလက်တစ်ခုဟာ မမှန်ကန်တဲ့အတွက် Eleven သတင်းဌာနအနေနဲ့ ပြန်လည်တောင်း ပန်ဖို့ ရန်ကုန်တိုင်းအစိုးရဘက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတဆင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Eleven သတင်းဌာနအနေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အကြောင်းအရာပေါ်မှာ မူတည်ပြီး ရေးတာဖြစ်တဲ့ အတွက် အစိုးရဘက်ကတောင်းဆိုသလို တောင်းပန်မှာ မဟုတ်ကြောင်း ပြောခဲ့တယ်လို့ Eleven သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း က ပြောပါတယ်။

"ကျနော်တို့မနေ့က သတင်းမီဒီယာကောင်စီနဲ့ ၃ ကြိမ်မြောက်တွေ့တယ်။ ဒီသတင်းရေးသားမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှင်းပြတယ်။ ဘာကြောင့် ကျနော်တို့ရေးတယ်ဆိုတာ ရှင်းပြတယ်။ သတင်းမီဒီယာကောင်စီဘက် ကတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဘယ်အချက်က မှားယွင်းတယ်၊ အဲဒါကြောင့် တောင်းပန်ဖို့ ပြောတယ်၊ ကျနော်တို့ကတော့ ဒီသတင်းရင်းမြစ်သည် စာရင်းစစ်ချုပ်အစီရင်ခံစာ လွှတ်တော်ကိုယ်စားလှယ်တွေဆီကနေ လာတာဖြစ်တယ်၊ မှန်ကန်တဲ့အတွက် တောင်းပန်ဖို့ မရှိဘူး။ ဒီဟာနဲ့ပတ်သက်ပြီး ဘာလွဲချော်မှုရှိလဲ လွဲချော်မှု ရှိတဲ့အပေါ် မူတည်ပြီး စာရင်းစစ်ချုပ်ရယ် လွှတ်တော်ရယ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရယ် ကျနော်တို့ရယ် ကြားထဲမှာ ညှိနှိုင်းအဖြေရှာလို့ရတယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်။"

စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဝေဖန်ဆွေးနွေး ခဲ့ကြတာကို Eleven သတင်းစာက ဆောင်းပါးရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးက တရားစွဲဆိုတဲ့အခါမှာ သတင်းသမားတွေဘက်ကနေ သက်သေအဖြစ် ထွက်ဆိုပေးမယ်ဆိုပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က အခုလိုပြောပါတယ်။

"နှစ်ဖက်က ဒီအကြောင်းအရာအပေါ်မှာ ရှင်းရှင်းလင်းလင်း မရှိတဲ့အခြေအနေပေါ်မှာ ရှိနေတာပါ။ တကယ် ဒီအကြောင်းအရာ ရှင်းရှင်းလင်းလင်း ရှိနိုင်ရမယ့်အခြေအနေကတော့ မြန်မာနိုင်ငံ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ဘယ်လိုပုံသဏ္ဍာန်နဲ့ အစိုးရက အစုရှယ်ယာနဲ့ပတ်သက်တဲ့ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့အချက်က တရားဝင်ထွက်လာမယ်ဆိုရင် ဒီအချက်အလက်က ကျေလည်သွားပါလိမ့်မယ်။ လွှတ်တော်မှာ ကိုယ်စားလှယ်တွေ က ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်၊ ပြောဆိုကြတယ်၊ ထောက်ပြကြတယ်။ ဒီအပေါ်မှာ အစိုးရဘက်ကလည်း လွှတ်တော်ပိုင်းကိုလည်း တစ်စုံတစ်ရာပြန်လည်ရှင်းလင်းတာ ဒီနေ့ဒီအချိန်ထိ မရှိသေးဘူး။ အစိုးရဘက်က ဒီဟာနဲ့ပတ်သက်ပြီး သေချာခိုင်မာတဲ့အချက်အလက်တွေနဲ့ ရှင်းလင်းပြလိုက်မယ်ဆိုရင်တော့ အခုလိုတဖက်နဲ့တဖက် ဖြစ်နေတဲ့ အယူအဆအပေါ်မှာ အဖြေမှန်တစ်ခုတော့ ရသွားလိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"

ရန်ကုန်မြို့သစ်စီမံကိန်းတည်ထောင်မည့် ကုမ္ပဏီမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနဲ့ ဆက်စပ်တဲ့ ရှယ်ယာပေါင်း ခြောက်သိန်းလေးသောင်းနီးပါး ပိုင်ဆိုင်မှုအကြောင်းကို ဝေဖန်ထားတဲ့အချက်တချို့ပါဝင်ပါတယ်။

ဒါ့အပြင် ရှယ်ယာရှင်အမည်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး အမည်အောက်မှာ ရှိသင့်ကြောင်း၊ ဝန်ကြီးရာထူးအောက်မှာ ပြည်သူ့ဘဏ္ဍာနဲ့ဝယ်ယူထားတဲ့ ရှယ်ယာတွေကို မထားဘဲ ဦးမြင့်သောင်း အမည်အောက်မှာ ရှယ်ယာထားတာဟာ လွဲမှားနေကြောင်း ရေးသားထားတာကို ရန်ကုန်တိုင်းအစိုးရက မှားယွင်းတဲ့အချက်ဆိုပြီး တောင်းပန်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

အဲဒီလို ရေးသားချက်ကြောင့် ဆောင်းပါးရှင်နဲ့ အယ်ဒီတာအပါအဝင် စုစုပေါင်း သတင်းသမား ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီပြဿနာကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေတဆင့် ဖြေရှင်းဖို့ သမ္မတရုံးရဲ့ ညွှန်ကြား ချက်ကြောင့် ရန်ကုန်တိုင်းအစိုးရက အဲဒီအမှုကို နိုဝင်ဘာလဆန်းမှာ ရုပ်သိမ်းခဲ့တာပါ။

ဒီကိစ္စဟာ နှစ်ဖက် ပြေလည်သွားဖို့ ရှိနိုင်ကြောင်းနဲ့ ပြေလည်မှုရအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။

"ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေကို ထပ်ဖိတ်ပြီး ညှိနှိုင်းရမှာပေါ့။ ပြီးတော့ သူတို့နှစ်ဖက် သဘောထားတွေညှိပြီး နှစ်ဖက်ပြန်တွေ့ပေးရမှာပေါ့။ ပြေလည်သွားကြမှာပါ။ ပြေလည်မှာပါ။"

တရားစွဲဆိုတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နဲ့ Eleven သတင်းဌာနက တရားစွဲဆိုခံရသူတွေ လက်ရှိအချိန်ထိ ထိပ်တိုက်တွေ့ဆုံညှိနှိုင်းတာမျိုး မရှိသေးဘဲ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတဆင့် သီးသန့်စီ ညှိနှိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်တိုင်းအစိုးရကတော့ ညှိနှိုင်းလို့ မရရင် ဥပဒေလမ်းကြောင်းအတိုင်း အရေးယူဆောင်ရွက်ဖို့ သမ္မတရုံးက ညွှန်ကြားချက်ရထားကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရသတင်းဌာနတွေကို သီးသန့်ဖိတ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားထားပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။