ထိုင်းနိုင်ငံ တက်ခ်ခရိုင်မှာ ပြီးခဲ့တဲ့ဧပြီလ ၂၃ ရက်နေ့ညက မြန်မာနိုင်ငံသား အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီးတိမ်းမှောက်ရာမှာ သေဆုံးသူ၊ ဒဏ်ရာရသူတွေကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ငွေကြေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီခဲ့တယ်လို့ သံရုံးအရာရှိတွေက RFA ကို ပြောပါတယ်။
တာ့ခ်မြို့ သက်ဆင်မဟာရပ်ချ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၂၅ ဦးကို ဘန်ကောက်မြို့ မြန်မာသံရုံးက “ပြည်ပအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ” က တာဝန်ရှိသူတွေ သွားရောက်ကူညီခဲ့တာပါ။ ကိုယ်တိုင်သွားရောက်ခဲ့သူ သံရုံးအရာရှိတစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်လွင်က အခုလိုပြောပါတယ်။
“သိတာကတော့ သတင်းဌာနတွေရဲ့ကောင်းမှုကြောင့် ကျနော်သိလိုက်တာပေါ့ သိတဲ့အခါကျတော့ မနေ့ကတော့ ကျနော်တို့ နေ့ချင်းလိုက်ဖို့ လုပ်တာဗျ၊ ဒါပေမယ့် ကျနော်အထက်ကို အစီရင်ခံစာ တင်လိုက်တဲ့အခါကြတော့ ညနေ ၄ နာရီလောက်မှ ပြီးတဲ့အခါကြတော့၊ ၄ နာရီကျတော့ လိုက်လို့မရတော့ ဒီနေ့နေ့ချင်းလိုက်သွားတာပေါ့၊ လိုက်သွားတဲ့အခါကျတော့ သေတဲ့သူကအဲဒီမှာ ကျား ၁ ယောက်၊ မ ၂ ယောက်၊ ပေါင်း ၃ ယောက်သေတယ်၊ နောက်ဒဏ်ရာရတဲ့သူက ယောကျ်ား ၉ ယောက်၊ မိန်းမ ၁၅ ယောက်၊ ကလေးတစ်ယောက် အားလုံး ၂၅ ယောက်ရှိတယ်၊ အဲဒီတော့ ကျနော်တို့ရဲ့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီပေါ့နော် သူကအဲဒီက ဆုံးဖြတ်ထားတာက ဒဏ်ရာအပေါ်မူတည်ပြီးတော့ ၁၀၀၀ ကနေ ၁၀၀၀၀ အထိပေးရမယ်လို့ ဆုံးဖြတ်ထားတော့ ကျနော်တို့အဲဒီအပေါ်မူတည်ပြီးတော့ ကြည့်ပေးလိုက်တယ်။”
ကားမှောက်မှုမှာ ဒဏ်ရာရရှိသူ အလုပ်သမားတွေကို ဘတ်ငွေ ၆၆၀၀၀ ခွဲဝေပြီး ထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း ဦးကျော်ကျော်လွင်က ပြောပါတယ်။ ကားမှောက်စဉ်က ဒဏ်ရာရသူအရေအတွက် ၆၀ လောက်ရှိပြီး သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။
အဲဒီအထဲက ကိုစိုင်းညွှန့်နဲ့ မိစန္ဒာဆိုသူ နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်းသိရပါတယ်။ ဆေးရုံကိုအတူလိုက်ပါသွားတဲ့ မြန်မာအလုပ်သမားအရေးအဖွဲ့ JACBA အဖွဲ့တာဝန်ခံ ဦးမိုးကြိုးကတော့ ဒီလိုမြန်မာနှစ်ကူးရာသီမျိုးမှာ အလုပ်သမားတွေ မြန်မာပြည် ပြန်လေ့ပြန်ထရှိတာကြောင့် ထိုင်းနိုင်ငံက သက်ဆိုင်ရာ လမ်းပန်းဆက်သွယ်ရေးဌာနဲ့ အလုပ်ရှင်တွေဖက်က စိတ်ချလုံခြုံမှုရှိတဲ့ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးသင့်တယ်လို့ ပြောပါတယ်။
“သြင်္ကန်ကာလမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ပြည်တော်ပြန်တတ်တယ်၊ မွေးရပ်မြေကို ပြန်တတ်တယ်ဆိုတာ သူတို့လည်းသိတယ်၊ ဒီ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ မော်တော်ယာဉ်ဌာနကနေပြီးတော့ မြန်မာအလုပ်သမားတွေ သွားချည်ပြန်ချည်လုပ်ကြတဲ့ အနေအထားတွေအပေါ်မှာ လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုကို ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသင့်တယ်ခင်ဗျ၊ သူတို့ရဲ့သက်ဆိုင်ရာ အလုပ်ရှင်တွေမှာလည်း တာဝန်ရှိတယ်၊ အလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေ ပြန်ချင်လည်း ပြန်စေတော့ဆိုပြီးတော့ ဒီအတိုင်းလက်လွှတ်စပယ်နဲ့ လွှတ်မထားဘဲနဲ့ သူတို့ပြန်တဲ့အခါမှာ ခရီးသွားလာရေး လုံခြုံစိတ်ချစွာနဲ့ လုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိရေးအတွက်လည်း သူတို့က ထိုင်းအစိုးရကို တိုက်တွန်းသင့်တယ်ဗျ”
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော်အစိုးရက ညွှန်ကြားထားတာရှိကြောင်းလည်း သံရုံးအရာရှိတစ်ဦးဖြစ်သူ ဦးကျော်ကျော်လွင်က ပြောပါတယ်။