လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားတွေကို စုစည်းနိုင်ဖို့ အတွက် "ဝ" ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ထိန်းချုပ် နယ်မြေ ပန်ဆန်း(ပန်ခမ်း)မြို့မှာ ဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီက ပြော ပါတယ်။
အဲဒီအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပသွားမယ်လို့ "ဝ’"ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော် UWSA ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဘာသာပြန်နဲ့ တဆင့် ပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဆက်လက်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုသဘောထားနဲ့ လာမယ့်အစိုးရသစ်ကို ဘယ်လို ဆက်ဆံရမလဲ၊ အဲ့လိုနဲ့ လုပ်တာပါတဲ့၊ ခြုံပြောရမယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းရေး အတွက်ပါတဲ့၊ ရွေးကောက်ပွဲကို အဖွဲ့စည်းအသီးသီးက အမြင်ဘယ်လို လဲ၊ လာမယ့် အစိုးရသစ်နဲ့ ရင်ဆိုင်မယ့် သဘောထားကဘယ်လိုလဲ အဲ့လိုနဲ့ဆွေးနွေးတာပါ"
အဲဒီပွဲကို "ဝ’"ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA အပါအဝင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ တက်ရောက်မယ်လို့သိရပါတယ်။
ဖိတ်ကြားထားတဲ့ အဖွဲ့တွေကတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းSSPP/SSA ၊ မွန်ပြည်သစ် ပါတီ NMSP ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် NSCN-K ၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO နဲ့ ကယန်းပြည်သစ်ပါတီ KNLP အဖွဲတို့ ဖြစ် ပါတယ်။
ပြီးခဲ့တဲ့ မေလက "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို ပထမတစ်ကြိမ် ကျင်းပခဲ့စဉ်က တက်ရောက် ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA နဲ့ ကရင်အမျိုးအသား အစည်းအရုံး KNU စတဲ့ အဖွဲ့တွေကို ဒီတကြိမ်ဆွေးနွေးပွဲကို ဖိတ်ကြားခြင်းမရှိဘူး လို့ ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ တို့ အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုး ခဲ့ကြပေမယ့် "ဝ" တပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စတဲ့ အဖွဲ့တွေက ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါဘူး။
UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ဖွယ်ရှိသလို၊ ဒီတိုက်ပွဲတွေကြောင့် အပစ်ရပ်ရေးစာချုပ်အပေါ် ထိခိုက်မှုရှိတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။
မသင်းသီရိရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်၊