တရုတ်ပြည်နဲ့ နယ်စပ်ချင်းဆက်နေတဲ့ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်က လေးလကြာ အပစ်အခတ် ရပ်စဲထားကြောင်း ကြေညာခဲ့ပြီးတဲ့နောက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျိုးစုံကြား တိုက်ပွဲတွေပေါ်ပေါက် လာခဲ့တာဟာ၊ ဒေသတွင်းမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကနေ ပေါ်ပေါက်လာမယ့် အကျိုးစီးပွားတွေ အတွက်ဖြစ်တယ်လို့ လေ့လာသူတဦးက ပြောဆိုပါတယ်။
CEME ခေါ် တရုတ် မြန်မာ စီးပွားရေးစြင်္ကန်လမ်းဟာ အခုလက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ကွယ်က ကြီးးမားတဲ့အချက်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေးဗစ် မက်သီဆန် က ပြောပါတယ်။
တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကနေ ပေါ်ပေါက်လာမယ့် အကျိုးအမြတ်တွေက အလွန့်အလွန်ကြီးမားမှာဖြစ်လို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးက ဝေစုရဖို့ လုနေကြတာဖြစ်တယ်၊ မြန်မာ့တပ်မတော်အနေနဲ့ ကတော့ အသာလေးဘေးထိုင်နေပြီး၊ ကိုယ့်အင်အား ကိုယ်ကြီးထွားအောင်လုပ်၊ တိုင်းရင်းသားအဖွဲ့တွေ အချင်းချင်းတိုက်နေကြတာကြည့်နေရုံပါပဲလို့လည်း မက်သီဆန် ကပြောဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တပ်မတော် SSPP/SSA စတဲ့ လက်နင်ကိုင်အဖွဲ့တွေရှိနေကြပါတယ်။
အခုအခါ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်အရေအတွက် သောင်းဂဏန်းရှိသွားပြီလို့ AFP သတင်းက ဖေါ်ပြပါတယ်။