ကိုဗစ်ဆေးရဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြိုးပမ်း
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.07.30
2021.07.30
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က သူတို့ ဌာနချုပ် အခြေစိုက်ရာ ရှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာနဲ့ အနီးတစ်ဝိုက် ရွာတွေက လူဦးရေ ငါးသိန်းကို ကိုဗစ် ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားပြီး အခု လူဦးရေ နှစ်ထောင်ကျော်ကို ကာကွယ်ဆေးထိုးထားပြီး ဖြစ်တယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းကစပြီး သူတို့ဌာချုပ်က တပ်ဖွဲ့ဝင်တွေနဲ့ သက်ကြီး ရွယ်အိုတွေကို ဦးစားပေး ထိုးနှံနေတာလို့ SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။
“အရင်ဆုံး ကျွန်တော်တို့ ဝမ်ဟိုင်းဌာနချုပ်က အရေးကြီးပုဂ္ဂိုလ်တွေ အသက်ကြီးတဲ့ သူတွေ အရင် လုပ်ပါတယ်။ တစ်ထောင်ကျော်လုပ်ပြီးပါပြီ။ ကျွန်တော်တို့ လက်လှမ်းမီနိုင်တဲ့ ဒေသတွေမှာ အယောက် ငါးသိန်းလောက် ထိုးနိုင်ဖို့ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ စီစဉ်ထားတာရှိတယ်။ အနီးဆုံး အဖြစ်နိုင် ဆုံးကတော့ ကျွန်တော်တို့ တရုတ်ဆီကနေ ကာကွယ်ဆေး ထိုးပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့ ညှိနှိုင်း ထားတာကတော့ ဝယ်ဖို့ပဲ စေတနာရှင်တွေ ပူးပေါင်းဆောင်ရွက်မှုပေါ့နော် တရုတ်ပြည်ကလည်း ကူညီဖို့ ရှိချင်ရှိမှာပေါ့လေ။ အလှူတွေကော ပေါ့နော်”
အခု ထိုးနှံနေတဲ့ ကာကွယ်ဆေးဟာ တရုတ်နိုင်ငံထုတ် ဇီကိုဗိုက် ကာကွယ်ဆေးဖြစ်ပြီး စေနာရှင်တွေရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံကနေ မှာယူတာလို့ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။
ဒေသအတွင်းက အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အောက်ဆီဂျင်နဲ့ ဆက်စပ် ပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ မှာယူလှူဒါန်းဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အသွားအလာ ကန့်သတ်မှုတွေကို ပုံမှန် ဆောင်ရွက်ခဲ့ပေမယ့် အခု တတိယလှိုင်းမှာတော့ ရောဂါကူးစက် သေဆုံးမှုတွေ များတာကြောင့် သူတို့ ဒေသ အဝင်အထွက်တွေကို ပိတ်ထားပြီး သွားလာမှုကိုလည်း အရင်ကထက်ပိုပြီး တင်းကျပ်ထားတယ်လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ သူတို့တပ်ဖွဲ့ ထိန်းချုပ်တဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့တွေမှာ ဒီနေ့အထိ လူဦးရေ သုံးသောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းကစပြီး လူတစ်ဦးကို နှစ်ကြိမ်ထိုးရတဲ့ ဇီနိုဖန်းကာကွယ်ဆေး ထိုးခဲ့တာဖြစ်သလို မိုင်ဂျာယန်မှာလည်း ဧပြီလကနေစလို့ လူတစ်ဦးကို တစ်ကြိမ်စီထိုးရတဲ့ ဇီကိုဗိုက် ကာကွယ်ဆေးကို ထိုးနှံခဲ့တာလို့ ဆိုပါတယ်။
လိုင်ဇာနဲ့ မိုင်ဂျာယန် မြို့နယ်တွေက လူဦးရေ ငါးသောင်းအတွက် ကာကွယ်ဆေးရဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တရုတ်ကို တင်ပြခဲ့ရာမှာ မိုင်ဂျာယန်အတွက် ဇီကိုဗိုက်အမျိုးအစား ကာကွယ်ဆေး နှစ်သောင်း ပေးမယ်လို့ တရုတ်ဘက်က တုံ့ပြန်ထားပြီး အဲဒီအထဲက ကာကွယ်ဆေးအလုံးရေ တစ်သောင်း ရထားလို့ ထိုးနှံပြီးသွားပြီလို့လည်း ပြောပါတယ်။
လိုင်ဇာမှာတော့ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေး အလုံးရေ သုံးသောင်းခွဲ ရရှိထားပြီး ကုန်သွားလို့ မလောက်ရင် ထပ်ပြီးထောက်ပံ့ပေးမယ်လို့ တရုတ်ဘက်က ပြောကြားထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA) ရဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးဌာန၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝေါင်မ်က ပြောပါတယ်။
“ကျွန်တော်တို့က အသက် ၁၈ နှစ်နဲ့ ၆၀ကြား အကုန်လုံး ၆၀ကျော်ကိုလည်း ထိုးပြီး အဲလိုရှိတယ်။ ၁၈ နှစ် နဲ့ ၆၀ ကြား ကျန်းမာရေးကောင်းတဲ့ သူကိုလည်း ထိုးပေးပြီ ဇီနိုဗိုက်က။ ကျွန်တော်တို့ အဲမှာရှိတဲ့ ပြည်သူ လူထုကော ဝန်ထမ်းတွေကော သုံးသောင်း တစ်ထောင် အခု လောလောဆယ် ထိုးပြီးသွားရင် သူတို့ ထပ်ပြီးတော့ ပံ့ပိုးပေးမယ် ထင်တယ်။ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာဆိုရင် ကျွန်တော်တို့ တင်ပြထားတာ လူဦးရေ အားလုံးဆိုရင် လိုင်ဇာမှာ လူဦးရေ နှစ်သောင်းဝန်းကျင်၊ မိုင်ဂျာယန်မှာလည်း သုံးသောင်းလောက် ရှိမယ်ထင်တယ် စုစုပေါင်း ငါးသောင်းပေါ့”
ကာကွယ်ဆေးတွေ အားလုံးကို KIA ထိန်းချုပ်နယ်မြေ လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ အတွင်းက တရုတ်ပညာရှင်တွေ ကိုယ်တိုင် လာရောက် ထိုးနှံပေးတာလို့ ပြောပါတယ်။
ကာကွယ်ဆေးကို အသက် ၁၈ နှစ်နဲ့ ၆၀ ကြား အသက်အရွယ်တွေကို ဦးစားပေး ထိုးနှံပေးခဲ့ပြီး နောက်ပိုင်းမှာ အသက် ၆၀ ကျော်တွေကိုလည်း ထိုးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိ မိုင်ဂျာယန်မှာ ပိုးတွေ့လူနာ ၇၀၀ အထိရှိလာနေပြီး လိုင်ဇာမှာတော့ ပိုးတွေ့လူနာ ၂၀ ကျော် ရှိနေလို့ ပိုးတွေ့လူနာ များလာနေတဲ့အတွက် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေအပြင် ရောဂါထိန်းချုပ်ရေး လုပ်ငန်း တွေကိုပါ တိုးမြင့်ပြီး လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဟိန်းဝေါင်မ်က ပြောပါတယ်။
"ကျွန်တော်တို့ကတော့ စီစဉ်နေပါတယ်။ ဝယ်စရာရှိရင်လည်း ဝယ်ရမှာပေါ့။"
KIA နဲ့ SSPP တပ်ဖွဲ့တွေကတော့ သူတို့ဒေသတွေမှာ တရုတ်အကူအညီနဲ့ ကာကွယ်ဆေးတွေ ထိုးနေကြပြီ ဆိုပေမယ့် တအာင်းအမျိုးသာလွတ်မြောက်ရေးအဖွဲ့ TNLA ကတော့ ကာကွယ်ဆေး မရသေးလို့ မထိုးရသေး ဘူးလို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
တရုတ်က ကာကွယ်ဆေး ပေးမယ်လို့ ပြီးခဲ့တဲ့လက ပြောထားပေမယ့် အခုထိတော့ ထပ်ပြီး အကြောင်းကြား လာတာ မရှိသေးဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ COVIDE - 19 ရောဂါထိန်းချုပ်ရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာမိုးဟိန်းက ပြောပါတယ်။
“ကျွန်တော်တို့ကတော့ စီစဉ်နေပါတယ်။ ဝယ်စရာရှိရင်လည်း ဝယ်ရမှာပေါ့။ ပြီးတော့ တရုတ်ကလည်း ကူတော့ ကူညီမယ်ပြောတယ်။ တစ်လလောက်ရှိပြီ ဒါပေမဲ့ မရရှိသေးဘူး။ မထိုးဖြစ်သေးဘူး။ ကျွန်တော်တို့ စီစဉ်နေတုန်းပဲရှိသေးတယ်။ ကျွန်တော်တို့ ခန့်မှန်းခြေတော့ ရမယ်ဆိုရင် နှစ်သိန်း သုံးသိန်း လောက်တော့ လိုချင်တယ်လေ။ ဘယ်လောက်များ ရမလဲမသိသေးဘူး။ ရရင်တော့ ရတဲ့အတိုင်းအတာနဲ့ ရသလောက် ထိုးပေးရမှာပေါ့။ ဆက်တော့ ဆက်သွယ်နေတာပဲ။ လမ်းကြောက လော့ဒေါင်းတွေ ဘာတွေနဲ့ ပိတ်ထားတယ်ဆိုတော့ လမ်းကြောကပဲ မရှင်း တာလား မသိဘူးခင်ဗျ”
တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး သုံးသိန်းလောက်အထိ ရဖို့မျှော်လင့်ထားပြီး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုတွေကို ထိုးနှံသွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ တအောင်းဒေသမှာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေတုန်းကလိုပဲ အသွားအလာ ကန့်သတ်တာတွေ ကိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပလောင်ဒေသ နမ့်ဆန်၊ မန်တုံမြို့ပေါ် ရပ်ကွက်တွေမှာ ပိုးတွေ့လူနာတွေ ရှိနေပြီး ကျေးရွာဘက်တွေကို ထပ်မံ မကူးစက်နိုင်အောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားတယ်လို့ ဒုတိယဗိုလ်မှူးကြီး တာမိုးဟိန်းက ပြောပါတယ်။
ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်းနဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ် တစ်လျှောက် လှုပ်ရှားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမယ့် ကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာတွေ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို ကာကွယ်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်ပွဲတွေ ရပ်ဖို့တောင်းဆိုထားပါတယ်။
ထိုင်းနယ်စပ်အခြေစိုက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ကတော့ ကိုဗစ် ကာကွယ်ဆေးရဖို့ ကြိုးစားနေဆဲဖြစ်လို့ ပြောပါတယ်။ သူတို့ရဲ့ ကာကွယ်ဆေးရဖို့ ကြိုးစားနေတာတွေနဲ့ ကာကွယ်ဆေးထိုးမယ့် အခြေအနေတွေကိုတော့ လတ်တလောမှာ မပြောလိုသေးဘူးလို့ RCSS ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်းက ဝတပ်ဖွဲ့ နဲ့ မိုင်းလားတပ်ဖွဲ့တွေကတော့ သူတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ကိုဗစ် ကပ်ရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်ထားပြီး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအားလုံးနီးပါးကို တရုတ်နိုင်ငံ အကူအညီနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနေပြီ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ရေး ဘယ်လို ကြိုးပမ်းနေတယ် ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။
အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ဘယ်အမျိုးအစားပဲဖြစ်ဖြစ်၊ ဘယ်ကပဲရရ အခွင့်အရေးရရင် လက်လွှတ်မခံဘဲ ထိုးနှံကြဖို့ ဇူလိုင်လ ၂၅ က တိုက်တွန်းပြောဆိုထားပါတယ်။