တိုင်းရင်းသား မြေယာပြဿနာ များ လေ့လာချက် ၈၈ အဖွဲ့ ထုတ်ပြန်


2015.10.31
88gen-land-press-620.jpg တိုင်းရင်းသားဒေသတွေက မြေယာပြဿနာတွေကို လေ့လာပြုစုထားတဲ့ အကြံပြုစာတမ်းကို အောက်တိုဘာလ ၃ဝ ရက်နေ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရှင်းလင်းနေစဉ်
Photo: Kyaw Zaw Win/RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသားဒေသတွေက မြေယာပြဿနာတွေကို လေ့လာပြုစု ထားတဲ့ "တောင်ယာခင်းနဲ့ သွေးချင်းမျက်ရည်"လို့ အမည်ပေးထားတဲ့ အကြံပြုစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်က ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"တိုင်းရင်းသားဒေသတွေမှာ မြေယာသိမ်းဆည်းမှုနဲ့ သယံဇာတ အလိုရှိသလောက် ထုတ်ယူသုံးစွဲမှုတွေ ရှိတယ်။ အခု သယံဇာတပြဿနာက ဘယ်လောက်အထိ အရေးကြီးနေသလဲဆိုတာ ကျောက်မီးသွေးပြဿနာ ရှိတယ်၊ ကျောက်စိမ်းပြဿနာရှိတယ်၊ သစ်တောအလွန်အကျွံခုတ်ယူမှုတွေ အဲ့ဒါတွေကဘာတွေလဲ ဆိုတော့ ဒေသဆိုင်ရာ တိုင်းရင်းသားတွေရဲ့ လုပ်ကိုင်ခွင့်တွေကို အလေးမထားတာတွေ၊ ဒေသဆိုင်ရာ တိုင်းရင်းသာတွေကို လုံးဝမျက်ကွယ်ပြု တန်းတူအခွင့်အရေးမပေးတာတွေ၊ ဗဟိုအစိုးရကနေချုပ်ကိုင်ပြီးတော့ ထင်သလို ထင်တိုင်းကြဲတဲ့အချက်တွေပေါ့၊ အဲဒီအချက်တွေကိုအဓိကထားပြီးတော့ ကျမတို့ ပြောဆိုတာပါ ။အဲဒါတွေကိုသာ အခုနေမပြင်ဆင်နိုင်ရင် မြန်မာတစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေဟာ ဒီနှစ် နောက်နှစ်တွေမှာ ကြုံတေ့ွရရတဲ့ အခြေအနေတွေကိုပြောပြတာပါ"

အကြံပြုစာတမ်းမှာပါတဲ့ မြေယာပြသနာတွေကို အချက် ၇ ချက်နဲ့ သုံးသပ်ထားရာမှာ  မြေယာပြဿနာဟာ တစ်မျိုးသား လုံးနဲ့ဆိုင်တဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့ အမျိုးသားရေးပြဿနာဖြစ်ပြီး မြေယာတွေကို မတရားသိမ်းဆည်းထား တာကြောင့် တိုင်းရင်းသား လူမျိုးတွေအကြား မယုံကြည်မှုနဲ့ စိတ်ဝမ်းကွဲမှုကိုပါ ဖြစ်စေပြီးတော့ ပြည်တွင်းစစ်ကို တနည်းတဖုံ တွန်းအားပေးနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီအကြံပြုစာတမ်းဟာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့စာတွေနဲ့ နေရာအနှံ့မှာဖြစ်ပေါ်နေ တဲ့ မြေယာပြဿနာများကို ၈၈ အဖွဲ့က သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

မြေယာသိမ်းဆည်းမှုတွေမှာ အစိုးရတပ်မတော်က သိမ်းဆည်းထားတာတွေ၊ ဌာနဆိုင်ရာတွေက သိမ်းဆည်းထားတာတွေ၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေက သိမ်းဆည်းထားတာတွေကို ဖော်ပြထားပါတယ်။

ဒီအကြံပြုစာတမ်းမှာ စာမျက်နှာပေါင်း ၂ဝဝ ပါဝင်တာဖြစ်ပြီး ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ ဌာနဆိုင် ရာတွေ အရပ်ဖက်လူ့မှုအဖွဲ့အစည်းတွေ အပါဝင် နိုင်ငံတော်အစိုးရကိုလည်း ပို့ပေးသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။