အကယ်၍ မြန်မာခေါင်းဆောင်တွေရဲ့ ရိုဟင်ဂျာတွေအပေါ်ပြုမူမှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ တရားရုံးတစ်ခုခုက ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့အံသြမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဇိရက်ဟူစိန်က BBC ရုပ်မြင်သံကြား မေးမြန်းခန်းတစ်ခုမှာ ပြောကြားလိုက်ပါတယ်။
အသေအချာ သင်ကြားစီစဉ်ထားတဲ့ပုံစံနဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးတွေ ရပ်တန့်အောင် ပိုပြီးအားစိုက်တားမြစ်ဖို့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတိုက်တွန်းခဲ့ တယ်လို့လည်း ဇိရက်ဟူစိန်က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေကို လူမျိုးစုရှင်းလင်းရေး ပြဌာန်းချက်ရဲ့နမူနာအဖြစ် ဟူစိန်က ပြောခဲ့ဖူးပြီး လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်နိုင်ဖို့ လိုအပ်ချက်တွေဟာဘာလဲလို့လည်း မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲလိုသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဒုက္ခသည်စခန်းအကြီးကြီးတွေ တည်ဆောက်ပြီး မြန်မာနိုင်ငံကို တိုက်ခိုက်နိုင်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို ဦးတည်တိုက်ခိုက်နိုင်တယ်လို့လည်း ဇိရက်ဟူစိန်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။